- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒူဘိုင်းမှ သူငယ်ချင်း ၃ ဦးက နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိ Vintage ကားများ သင်္ဘောဖြင့် သယ်ယူကာ အိန္ဒိယနိုင်ငံတဝန်း လည်ပတ်ရန်စီစဉ်
ဒူဘိုင်းမှ သူငယ်ချင်း ၃ ဦးက နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိ Vintage ကားများ သင်္ဘောဖြင့် သယ်ယူကာ အိန္ဒိယနိုင်ငံတဝန်း လည်ပတ်ရန်စီစဉ်
- 164 views
ဒူဘိုင်းမှ မိတ်ဆွေသူငယ်ချင်း ၃ ဦးသည် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းတလျှောက်တွင် ၁၉၃၅ ခုနှစ်က ထုတ်လုပ်ခဲ့သော ခေတ်ဟောင်းဂန္ထဝင်ကားများဖြင့် ခရီးထွက်ကြရန် စီစဉ်နေကြသည်။
အီယန် ဟားဖီးဒ်၊ မက် ဒန်တန်နှင့် ဟောင်းဝါ့ဒ် လမ်းဘာ့ထ်တို့ ၃ ဦးသည် မွမ်ဘိုင်းမှ စတင်ထွက်ခွာကာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုချီမြို့အထိ ၎င်းတို့၏ ခေတ်ဟောင်းကားများဖြင့် မောင်းနှင်မည်ဖြစ်ပြီး ခရီး အကွာအဝေးမှာ ကီလိုမီတာ ၁၅၀၀ ကျော် ရှိမည်ဖြစ်သည်။
အီယန်က ၁၉၃၅ ခုနှစ်ထုတ် Roll Royce 20/25 ဖြင့်လည်းကောင်း၊ ဒန်တန်က ၁၉၃၅ ခုနှစ်ထုတ် Buick Series 40 ဖြင့်လည်းကောင်း၊ ဟောင်းဝါ့ဒ်က ၁၉၇၁ ခုနှစ်ထုတ် Volkswagen Trekker ဖြင့်လည်းကောင်း အသီးသီးမောင်းနှင်ကြမည်ဖြစ်သည်။
“ကျွန်တော်တို့ ခရီးစဉ် အစီအစဉ် အတိအကျဆွဲမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ခရီးစဉ်အတွင်းမှာ အခြေအနေအမျိုးမျိုး ကြုံရနိုင်တယ်လေ” ဟု အီယန်က ပြောသည်။
“ကားတွေ ပျက်နိုင်ပါတယ်။ ကားပြင်ရင်း အချိန်တွေ အများကြီးကုန်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ခန့်မှန်း ထားတာထက် ခရီးတာ ပိုရှည်တာတွေ ဖြစ်နိုင်တယ်။ ဘယ်ကိုသွားမယ်..ဘယ်နေရာမှာ ရပ်မယ်ဆိုတဲ့ ယေဘုယျ စိတ်ကူးတော့ရှိပါတယ်။ ဒါပေမယ့် ဘယ်ဟိုတယ်မှာမှ booking တင်မထားပါဘူး။ တနေ့တာချင်းစီ အတွက်ပဲ စီစဉ်သွားမှာ ဖြစ်ပါတယ်”
(ကားများကို မွမ်ဘိုင်းမြို့သို့ သယ်ယူလာပုံ)
ကားများကို ဒူဘိုင်းမှ မွမ်ဘိုင်းသို့ သင်္ဘောဖြင့် တင်ပို့မည်ဖြစ်ပြီး မတ်လ ၂၈ ရက်တွင် မွမ်ဘိုင်းသို့ ရောက်ရှိမည် ဖြစ်သည်။
စာရွက်စာတမ်းကိစ္စလုပ်ဆောင်ဖွယ်ရှိသည်များ ဆောင်ရွက်ပြီးသည်နှင့် ဧပြီလအတွင်း စတင်ခရီးထွက်ကြမည် ဖြစ်သည်။
၎င်းတို့ ၃ ဦးသည် အိန္ဒိယရှိ ဂန္ထဝင်ကားပိုင်ရှင်အုပ်စုများစွာနှင့် ဆက်သွယ်ထားကြပြီးလည်း ဖြစ်သည်။
“သူတို့တွေက မယုံနိုင်လောက်အောင် အားပေးကူညီမှုတွေ ပေးကြပါတယ်။ ခရီးစဉ်အတွင်း သူတို့ထဲက တချို့နဲ့ တွေ့ဆုံရဖို့ မျှော်လင့်ထားပါတယ်”ဟု ဟောင်းဝါ့ဒ်က ပြောသည်။
“ကျွန်တော်တို့ တစ်ယောက်စီတိုင်းရဲ့ကားတွေမှာ အင်ဂျင်နဲ့ ကိုက်ညီမယ့် ဂွတွေလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင်ပစ္စည်းကိရိယာ အပြည့်အစုံ ပါပါတယ်။ ကားဟောင်းတွေရဲ့ ကောင်းတဲ့အချက်က ပြဿနာ အများစုကို အပိုပစ္စည်းတွေနဲ့ ဖြေရှင်းလို့ရတာ ဖြစ်ပါတယ်။ ကားသစ်တွေမှာက အားလုံးကို လျှပ်စစ်နဲ့ ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယခရီးစဉ်ကို အောင်အောင်မြင်မြင် သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ဒန်တန်က ပြောသည်။
(စုဆောင်းထားသော ကားပြင်ပစ္စည်းများ)
၎င်းတို့သည် ဗြိတိန်မှ ပြောင်းရွှေ့အခြေချသူများဖြစ်ပြီး ဂန္ထဝင်ကားများ ချစ်မြတ်နိုးသည့် ဝါသနာချင်း တူနေသောကြောင့် ပေါင်းစည်းမိခဲ့ကြသည်။
ယင်းနောက် ယခုကဲ့သို့ ခရီးရှည် အတူထွက်ခြင်းများ ၂ နှစ်ခန့် ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။
“လူအများစုက ဂန္ထဝင်ကားတွေဝယ်ပြီး ဂိုဒေါင်ထဲမှာ သိမ်းထားကြတယ်။ ကျွန်တော်တို့ကတော့ ဒီကားတွေကို မောင်းနှင်ပြီး သူတို့ကို နားလည်အောင် လုပ်တယ်။ ဒါဟာ ဂန္ထဝင်ကား ပိုင်ရှင်ဖြစ်ရခြင်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ”ဟု အီယန်က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Dubai: 3 friends to drive around India in nearly 100-year-old vintage cars (khaleejtimes)
Photo Credit: khaleejtimes