- ပင်မစာမျက်နှာ
- ကားသတင်းများ
- လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ၏ ဈာပနတွင် အသုံးပြုခဲ့သော Limo ရောင်းမည်
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ၏ ဈာပနတွင် အသုံးပြုခဲ့သော Limo ရောင်းမည်
- 255 views
ဂျွန်အက်ဖ် ကနေဒီ (မွေး ၁၉၁၇ - ကွယ်လွန် ၁၉၆၃) ကို အတိုကောက်အားဖြင့် JFK ဟု လူသိများသည်။
အမေရိကန်ပြည်ထောင်စု၏ ၃၅ ဆက်မြောက် သမ္မတအဖြစ် ၁၉၆၁ ခုနှစ်မှသည် လုပ်ကြံသတ်ဖြတ်ခံရချိန် ၁၉၆၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
(လုပ်ကြံသတ်ဖြတ်ခံရခြင်း)
သမ္မတကနေဒီသည် တက္ကဆပ်ပြည်နယ် ၊ ဒါးလက်စ်မြို့သို့ ခရီးထွက်စဉ် ဒါးလက်စ်မြို့လယ်သို့ သမ္မတ မော်တော်ယာဉ်တန်းနှင့် နေ့လည် ၁၂း၃၀ အချိန်တွင် ရောက်ရှိခဲ့ချိန်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။
နောက်ကျောသို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ကျည်ဆံမှာ လည်ပင်းမှ ဖောက်ထွက်သွားခဲ့သည်။
သမ္မတ ကနေဒီကို အရေးပေါ်ကုသမှုပေးရန် Parkland ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မိနစ် ၃၀ အကြာ မွန်းလွဲ ၁ နာရီတွင် သေဆုံးသွားခဲ့သည်။
ကနေဒီသည် သမ္မတအဖြစ် ၁၀၃၆ ရက် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၆ နှစ်သာ ရှိသေးသည်။
((ဂျွန်အက်ဖ်ကနေဒီ၏ ဈာပနအခမ်းအနားတွင် အသုံးပြုခဲ့သောကား))
တခါက Chrysler မှ ထုတ်လုပ်သော Chrysler LeBaron တစ်စင်းရှိခဲ့ပြီး ထိုမော်ဒယ်ကို Imperial LeBaron ဟုလည်း ခေါ်သည်။
ထိုကား၏ အမိုးမှာ အရှင်ဖြစ်ပြီး Convertible Frame တွင် တပ်ဆင်ကာ အမေရိကန်ပြည် ၊ ဒက်ထရွိုက်မြို့ရှိ Chrysler စက်ရုံတွင် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် အီတလီနိုင်ငံ တူရင်မြို့သို့ ပို့ဆောင်ပြီး Carrozzeria Ghia စက်ရုံတွင် ကိုယ်ထည်ပိုင်း ဆက်လက် ထုတ်လုပ်သည်။
တံခါး ၆ ပေါက်ပါသော ထိုကားမှာ ဂျွန်အက်ကနေဒီ၏ ဈာပနအခမ်းအနားတွင် အသုံးပြုခဲ့သော ကားဖြစ်သည်။
Ghia Limousine စုစုပေါင်း ၁၀ စင်းသာ ထုတ်လုပ်ထားပြီး ယခုကားကို တချိန်က သမ္မတကတော် ဂျက်ကလင်း ကနေဒီ အိုနာစစ် စီးနင်းခဲ့သည်။
ယခုအခါ လေလံဈေးကွက်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ခန့်မှန်းဈေးနှုန်း ကန်ဒေါ်လာ ၁၂၅,၀၀၀ မှ ၁၅၀,၀၀၀ ကြားရှိသည်။
Detroit News သတင်းဌာန၏ ဖော်ပြချက်အရ ၁၉၆၃ ခုနှစ် ၊ နိုဝင်ဘာလတွင် လုပ်ကြံခံရသော သမ္မတ ဂျွန်အက်ကနေဒီ၏ ဈာပနကို Arlington သုဿန်၌ ကျင်းပရာတွင် ဤကားလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
ကျန်ရစ်သူဇနီး ဂျက်ကလင်းက ဤကားကို ကိုယ်ရေးကိုယ်တာသုံးအဖြစ် တစ်နှစ်နီးပါး သုံးခဲ့သည်။
ယင်းနောက်ပိုင်း ၁၉၆၅ ခုနှစ်၌ သမ္မတ Lyndon B.Johnson က ဒုတိယအကြိမ် ကျမ်းသစ္စာကြိမ်ဆိုပွဲတွင် စီးနင်းခဲ့သည်။
ထို့နောက် ဤကားကို အိမ်ဖြူတော်က ၁၉၆၉ ခုနှစ်အထိ ဆက်လက်အသုံးပြုခဲ့သည်။
စုစုပေါင်း ၁၅,၁၀၉ မိုင်သာ စီးနင်းထားသည်။
ဤကားကို Chrysler Corporation က လေလံပွဲတွင် Hugh Mc Veigh ဆိုသူထံ ရောင်းချခဲ့သည်။
Mc Veigh က ကား၏ အရေးပါသော သမိုင်းကြောင်းများကို သိရှိခဲ့ခြင်း မရှိချေ။
ထို့ကြောင့် မီချီဂန်ပြည်နယ် မြောက်ပိုင်းသို့ မိသားစုနှင့် ခရီးထွက်ရာတွင် မကြာခဏ အသုံးပြုခဲ့သည်။
Detroit Free Press သတင်းဌာန၏ ဖော်ပြချက်အရ Mc Veigh သည် ဤကားနှင့် ပတ်သက်ပြီး အထူး သဘောကျသည်မှာ ယာဉ်မောင်းနှင့် နောက်ခန်းကြားမှ အဖွင့်အပိတ်လုပ်နိုင်သော ပြတင်းတံခါးဖြစ်သည်ဟု ဆိုသည်။
နောက်ခန်းတွင် လိုက်ပါလာသော ကလေးများ၏ ဆူညံသံများကို နားမခံနိုင်ပါက Mc Veigh က ထိုတံခါးကို ပိတ်ထားလေ့ရှိသည်။
(ဆက်စပ်သတင်း)
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ စီးခဲ့သော မော်တော်ကားနှင့် ပရလောက ဖြစ်ရပ်ဆန်း
https://www.imyanmarhouse.com/news/read/1083794
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 1964 Presidential Limo From JFK’s Funeral Procession Is Up for Sale (thedrive)
Photo Credit: (thedrive)