• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Nissan နှင့် Honda တို့ ပူးပေါင်းကာ တန်ဖိုးသင့် EV များ ထုတ်လုပ်ပြီး BYD ကဲ့သို့ တရုတ်ပြည်မှ ကားထုတ်လုပ်သူများကို ရင်ဆိုင်မည်

Nissan နှင့် Honda တို့ ပူးပေါင်းကာ တန်ဖိုးသင့် EV များ ထုတ်လုပ်ပြီး BYD ကဲ့သို့ တရုတ်ပြည်မှ ကားထုတ်လုပ်သူများကို ရင်ဆိုင်မည်

  • 155 views

Nissan နှင့် Honda တို့သည် BYD ကဲ့သို့ တရုတ်ပြည်မှ ကားထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် တန်ဖိုးသင့် EV များ ပိုမိုထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် သုံးသပ်လျက် ရှိသည်။

ကားထုတ်လုပ်သူတို့သည် BYD ကဲ့သို့ EV ထိပ်သီးများ၏ နောက်တွင် များစွာ နောက်ကျ မကျန်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လာကြလျက်ရှိသည်။

Nissan မှ သတင်းရင်းမြစ်များက ပြောသည်မှာ EV ဘက်ထရီနှင့် ယာဉ်ထုတ်လုပ်မှုတို့ကို Honda နှင့် ဆွေးနွေးရန် ရှိနေပြီး ပူးပေါင်းဝယ်ယူခြင်းမျိုး ဖြစ်နိုင်သလို ပူးပေါင်းဒီဇိုင်းရေးဆွဲထုတ်လုပ်မှုမျိုးလည်း ဖြစ်နိုင် ကြောင်း ပြောကြားသည်။

ရည်မှန်းချက်မှာ EV ဈေးနှုန်းများ လျှော့ချနိုင်ရန် ဖြစ်သည်။

Nissan နှင့် Honda တို့သည် BYD ကဲ့သို့ တန်ဖိုးနည်းကား ထုတ်လုပ်သော တရုတ်ကားထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်နိုင်ရေး ကြိုးစားလာရသည်။

ဘက်ထရီ ထုတ်လုပ်သူအဖြစ် စတင်ခဲ့သော BYD သည် လျှပ်စစ်ကား အစိတ်အပိုင်းအားလုံးနီးပါးကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရာ အခြားကားထုတ်လုပ်သူတို့ထက် တပန်းသာလျက် ရှိသည်။

တရုတ်ထိပ်သီး ကားထုတ်လုပ်သူ BYD က ICE ကားများအပေါ် စစ်ကြေညာထားကာ EV ဈေးနှုန်းများ လျှော့ချပေးလျက်ရှိပြီး ၎င်းတို့၏ လျှပ်စစ်ကားများကို ယွမ်ငွေ ၆၉၈၀၀ (ကန်ဒေါ်လာ ၉၇၀၀) မျှဖြင့် ရောင်းချ ပေးလျက် ရှိသည်။

တရုတ်ပြည်တွင် EV ဈေးကွက် ကြီးထွားလာမှုကြောင့် တရုတ်မှာ ဂျပန်ကို ဖြတ်ကျော်နိုင်ရန် နီးကပ်လာလျက် ရှိသည်။

Nissan သည် ၂၀၁၀ ပြည့်နှစ်က the Leaf ကို ထုတ်လုပ်ကာ ကမ္ဘာ့ရှေ့ပြေး EV ထုတ်လုပ်သူအဖြစ် ရှုမြင်ခံ ခဲ့ရသော်လည်း ယခုအခါ EV လောကတွင် နောက်ကျ ကျန်ရစ်လျက်ရှိသည်။

Nissan ၏ လျှပ်စစ်ကားဖြစ်သော Nissan Ariya သည် အခက်အခဲများဖြင့် ထုတ်လုပ်မှုစတင်ခဲ့ရသော်လည်း ယခုအခါ Honda ၏ စက်ရုံတွင် ချောမွေ့စွာ ထုတ်လုပ်လျက်ရှိသည်။

 

(၂၀၂၄ ခုနှစ်ထုတ် Nissan Ariya လျှပ်စစ် SUV ။ ဓာတ်ပုံ- Nissan)

 

Nissan သည် ၂၀၂၄ မော်ဒယ် Nissan Ariya ကို အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၆၀၀၀ ကျော်အထိ ဈေးလျှော့ပေးလာခဲ့သည်။

ဈေးကွက်ဝေစုများ ပြန်လည်ရရှိစေရန် ကြိုးပမ်းသောအနေဖြင့် ဈေးလျှော့ပေးလာခြင်းဖြစ်ရာ ယခုအခါ Nissan Ariya ကို ဒေါ်လာ ၃၉၅၉၀ ဖြင့် ရရှိနိုင်ပြီ ဖြစ်သည်။

Honda ၏ ပထမဆုံး လျှပ်စစ် SUV ဖြစ်သော 2024 Honda Prologue မှာ အမေရိကန်တွင် ဈေးနှုန်း ကန်ဒေါ်လာ ၄၇၄၀၀ မှ စသည်။

EV အခွန်သက်သာခွင့် ဒေါ်လာ ၇၅၀၀ ဖြင့် တွက်လျှင် အဆိုပါကားကို ကန်ဒေါ်လာ ၄၀၀၀၀ အောက်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Honda Prologue မှာ အားအပြည့်သွင်းထားလျှင် ၂၉၆ မိုင်ကျော် မောင်းနှင်နိုင်သည်။

 

(၂၀၂၄ မော်ဒယ် Honda Prologue ။ ဓာတ်ပုံ-Honda)

 

Nissan, Honda နှင့် Toyota တို့ အပါအဝင် ဂျပန်ကားထုတ်လုပ်သူများမှာ hybrid များဆီမှ ကူးပြောင်းမှု အရွေ့ နှေးကွေးလျက်ရှိရာ EV ဈေးကွက်တွင် နောက်ကျ ကျန်ရစ်လျက်ရှိနေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Nissan and Honda may team up to slash EV prices and take on Chinese automakers like BYD (electrek)

 Photo Credit:  Nissan, Honda