- ပင်မစာမျက်နှာ
- ကားသတင်းများ
- (၉)လ အတွင်း ပြည်တွင်းမှာ EV မော်တော်ယာဉ် အစီးရေ (၉၀၀) ကျော်မှတ်ပုံတင်ထား
(၉)လ အတွင်း ပြည်တွင်းမှာ EV မော်တော်ယာဉ် အစီးရေ (၉၀၀) ကျော်မှတ်ပုံတင်ထား
- 164 views
၂၀၂၃ ခုနှစ် (၉) လတာအတွင်း ပြည်တွင်းမှာ EV မော်တော်ယာဉ် အစီးရေ (၉၁၈) စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လစဉ်ထုတ်ပြန်နေတဲ့ မော်တော်ယာဉ်မှတ်ပုံတင်စာရင်း အရသိရပါတယ်။ ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ လူစီး EV မော်တော်ယာဉ် (၉၁၆) စီးနဲ့ ကုန်တင်ယာဉ် (ဝန်ပေါ့) (၂) စီး တို့ကို မှတ်ပုံတင်ခွင့်ပြုပေးထားတာပါ။
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတဲ့ EV မော်တော်ယာဉ်တွေလည်း ဖြစ်ပါတယ်။ လက်ရှိမှာ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လုပ်ဆောင်နေတာဖြစ်ပြီး အိမ်စီးကားတင်သွင်းခွင့်တွေကိုတော့ ပိတ်ပင်ထားတာ (၂)နှစ်ကျော်လောက် ရှိနေပါပြီ။ ဈေးကွက်ထဲမှာတော့ အိမ်စီးကားတွေရဲ့ဈေးတွေဟာ အနည်းငယ်တည်ငြိမ်နေပြီး လက်ရှိမှာ အဝယ်နည်းပါးနေတယ်လို့ သိရပါတယ်။
EV ကားတွေကတော့ ဝယ်ယူသူတွေများနေပေမယ့်လည်း ဈေးတွေကတော့ အမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၉၀၀) ကျော်ကနေ ကျပ်သိန်း (၂၀၀၀) ကျော်မှာ ပေါက်ဈေးရှိနေပါတယ်။ EV ကားတွေ ဆက်တိုက် ဝင်လာနေပေမယ့်လည်း ဈေးနှုန်းကျဆင်းတာတော့ မရှိသေးဘူးလို့ EV ကားဈေးကွက်ထဲကနေ သိရပါတယ်။ လက်ရှိမှာ SKD ၊ CKD စနစ်နဲ့တင်သွင်းလာတဲ့ ကားတွေကိုတော့ အခွန်လျော့ပေါ့ပေးထားပါတယ်။
ပြည်တွင်းမှာ စက်တင်ဘာလအထိ မှတ်ပုံတင်ထားတဲ့ EV ယာဉ်အမျိုးအမျိုး (၃၀၆၅) စီး ရှိတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com