- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်တွင် ခိုးယူခံရသော ထရပ်ကားတစ်စင်းကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ၌ အိမ်မှားကာ ရှာဖွေခဲ့၊ အိမ်ရှင်အဘွားက ရဲအရာရှိ ၂ ဦးအား တရားစွဲရာ ဒေါ်လာ ၃ ဒသမ ၈ သန်း လျော်ကြေးရ
အမေရိကန်တွင် ခိုးယူခံရသော ထရပ်ကားတစ်စင်းကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ၌ အိမ်မှားကာ ရှာဖွေခဲ့၊ အိမ်ရှင်အဘွားက ရဲအရာရှိ ၂ ဦးအား တရားစွဲရာ ဒေါ်လာ ၃ ဒသမ ၈ သန်း လျော်ကြေးရ
- 313 views
အမေရိကန်တွင် SWAT အထူးတပ်ဖွဲ့က ခိုးယူခံရသော ထရပ်ကားတစ်စီးကို လိုက်လံရှာဖွေရန် အိမ်မှားကာ ရှာဖွေခဲ့သောကြောင့် အသက် ၇၈ နှစ်အရွယ် အိမ်ရှင်အဘွားက ရဲအရာရှိ ၂ ဦးအား တရားစွဲခဲ့ရာ ကန်ဒေါ်လာ ၃ ဒသမ ၇၆ သန်း လျော်ကြေးရရှိခဲ့သည်။
ကော်လိုရာဒိုပြည်နယ်တွင် ပြဌာန်းထားသော ဥပဒေသစ်အရ ပြည်နယ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ ချိုးဖောက်ခံရပါက ပြည်သူတို့အနေဖြင့် ရဲတပ်ဖွဲ့အား တရားစွဲခွင့် ပေးထားသည်။
ဒင်ဗာမြို့ရှိ ပြည်နယ်တရားရုံး တရားသူကြီးတစ်ဦးက အိမ်ရှင်အဘွား ရူဘီ ဂျွန်ဆင် (Ruby Johnson) အား အနိုင်ပေးသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ကော်လိုရာဒိုပြည်နယ်ရှိ American Civil Liberties Union (ACLU)အဖွဲ့က ကြေညာသည်။
ထိုအဖွဲ့သည် ဤအမှုတွင် အဘွားအား ကူညီပေးနေသော အဖွဲ့ ဖြစ်သည်။
အမှုတွင် ဖော်ပြထားသည်မှာ ထရပ်ကားတစ်စီး ခိုးယူခံရမှုတွင် ရဲတပ်ဖွဲ့က အဘွားအို Ruby ၏ အိမ်ကို ရှာဖွေရန် ဝရမ်းရယူခဲ့ကြောင်း ဖော်ပြသည်။
ထရပ်ကားပေါ်တွင် ဆီမီးအော်တိုမက်တစ် သေနတ် ၄ လက်၊ ရိုင်ဖယ် ၁ လက်၊ ၆ လုံးပြူး ၁ လက်၊ ဒရုန်း ၂ စင်း၊ ငွေသား ဒေါ်လာ ၄၀၀၀ နှင့် iPhone ၁ လုံးတို့ ပါဝင်သွားသည်ဟု ဆိုသည်။
ကားပေါ်တွင် ပါးသွားသော iPhone ကို Find My app အသုံးပြု ရှာဖွေခဲ့ရာ အဘွား၏ အိမ်တွင် ရှိသည်ဟု ၎င်းတို့က ခြေရာခံခဲ့သည်။
အဘွားအို ဂျွန်ဆင်သည် အငြိမ်းစား အစိုးရ စာတိုက်ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည်။
၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်တွင် အဘွားဂျွန်ဆင်သည် ရေချိုးခန်းမှ ထွက်လာချိန်တွင် သူ၏နေအိမ်ရှေ့မှ အော်လံဖြင့် အော်ဟစ်အမိန့်ပေးသံကို ကြားလိုက်ရပြီး အိမ်ထဲတွင် ရှိနေသူအားလုံး လက်မြောက်ကာ ထွက်လာရန် အမိန့်ပေးနေခြင်း ဖြစ်သည်။
ရေချိုးခန်း ဝတ်စုံသာ ဝတ်ဆင်ထားသောအဘွားသည် အိမ်ရှေ့တံခါးကို ဖွင့်လိုက်ရာ အိမ်ရှေ့ မြက်ခင်းပြင်တွင် သံချပ်ကာ ကားတစ်စီး ရပ်ထားသည်ကို တွေ့ရပြီး လမ်းအတွင်းတွင်လည်း ရဲကားများ တန်းစီနေသည်။
စစ်သုံးအဆင်တန်ဆာများ အပြည့်ဝတ်ဆင်ထားသော အမျိုးသားများကို ရိုင်ဖယ်သေနတ်များဖြင့် တွေ့ရပြီး ခွေးတစ်ကောင်လည်း တွေ့ရသည်။
စုံထောက် Gary Staab သည် အဘွားဂျွန်ဆင်၏ အိမ်ကို ရှာဖွေရန် ဝရမ်းကို မှားယွင်းစွာ ရယူခဲ့ခြင်းဖြစ်သည်။
Find My app မှ ဖော်ပြသောအချက်အလက်တို့သည် ဖုန်းရှိနိုင်သော ယေဘုယျနေရာကို ဖော်ပြခြင်းသာ ဖြစ်ပြီး အဆိုပါ အချက်အလက်များမှာ အတိအကျ မဟုတ်သည်ကို ၎င်းက မပြောခဲ့ကြောင်း အမှုတွင် ဖော်ပြသည်။
အဘွားဂျွန်ဆင်က စုံထောက် Gary Staab နှင့် ရှာဖွေဝရမ်းထုတ်ပေးသူ တပ်ကြပ်ကြီး Gregory Buschy တို့ ၂ ဦးကို တရားစွဲခဲ့သည်။
ကားဂိုဒေါင်ကို မည်သို့ဖွင့်ရကြောင်း ပြောပြသော်လည်း ရဲတပ်ဖွဲ့က တံခါးဖျက်ရာတွင် သုံးသည့်စက်ဖြင့် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အမိုးအောက်ထပ်ခိုးသို့ သွားရန်အတွက် မျက်နှာကြက်ကျောက်ပြားများ ဖျက်စီးခဲ့သည့်အပြင် ညစာစားခန်းသုံး ကုလားထိုင်အသစ်ပေါ် တက်ကာ မတ်တပ်ရပ်ခဲ့သည်ဟု ဆိုသည်။
အဘွားအို၏ ပုံအတိုင်း ပုံဖော်ထားသော အရုပ်တစ်ခု၏ ခေါင်းကိုလည်း ချိုးခဲ့ကြကြောင်း ACLU ၏ ဥပဒေရေးရာ ဒါရိုက်တာ Tim Macdonald က ပြောသည်။
အဘွားအတွက် အကြီးမားဆုံး ထိခိုက်မှုမှာ မိမိ၏ အိမ်တွင် ဘေးကင်းစွာ နေထိုင်နိုင်သည်ဟူသော အသိစိတ်ကို ပျက်စီးစေခဲ့မှုဖြစ်ကြောင်း၊ အဘွားဂျွန်ဆင်သည် ထိုအိမ်တွင် Single Mother တစ်ဦးအဖြစ် သားသမီး ၃ ဦးကို ပျိုးထောင်ခဲ့ကြောင်း ပြောသည်။
အဘွားဂျွန်ဆင်သည် ညဘက်တွင် အိပ်မပျော်နိုင်ခြင်းများ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A woman wins $3.8 million verdict after SWAT team searches wrong home based on Find My iPhone app (yahoo)