- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှား၏ အကြီးမားဆုံး ကားရောင်းချသည့် ကုမ္ပဏီကြီး Rolf ကို ယာယီသိမ်းယူ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှား၏ အကြီးမားဆုံး ကားရောင်းချသည့် ကုမ္ပဏီကြီး Rolf ကို ယာယီသိမ်းယူ
- 400 views
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှား၏ အကြီးမားဆုံး ကားရောင်းချသည့် ကုမ္ပဏီအုပ်စုဖြစ်သော Rolf ကို သိမ်းယူလိုက်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ယာယီထားရှိခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
Rolf ကို ဆိုက်ပရပ်စ်အခြေစိုက်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ပြီး ရုရှားစီးပွားရေးလုပ်ငန်းရှင် Sergei Petrov က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးအကျိုးရှိစေရန်ဟုဆိုကာ ထိန်းချုပ်ခဲ့ခြင်းဖြစ်သော်လည်း ကုမ္ပဏီတည်ထောင်သူက ပြောသည်မှာမူ သမ္မတပူတင်၏ သိမ်းယူမှုမှာ အမြဲတမ်းဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း၊ ရုရှားသည် ရင်းနှီးမြှုပ်နှံသူများအတွက် ဘေးကင်းသောနေရာဖြစ်မှု အမည်ဂုဏ်သတင်း ထိခိုက်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။
ယခုဖြစ်ရပ်မှာ ရုရှားအစိုးရက ပုဂ္ဂလိကပိုင်ဆိုင်မှုများကို သိမ်းယူမှု နောက်ဆုံးဖြစ်ပေါ်လာသည့် ဖြစ်ရပ်လည်း ဖြစ်သည်။
နာမည်ကြီး အထင်ကရ စီးပွားရေးလုပ်ငန်းနယ်တွင် ပထမဆုံးအသိမ်းခံရမှု ဖြစ်သည်။
အဓိကအားဖြင့် နိုင်ငံခြားသားပိုင် လုပ်ငန်းများကို ပစ်မှတ်ထားခြင်းဖြစ်သည်။
ရုရှားက ယူကရိန်းအား ကျူးကျော်တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်ဦးဆောင်သော ပိတ်ဆို့ အရေးယူမှုများ တွင် ယင်းသို့သော ကုမ္ပဏီများ ပါဝင်နေသည်။
Rolf သည် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်း အစောဆုံးပေါ်ပေါက်လာသည့် ကားရောင်းချသော ကုမ္ပဏီ များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပြခန်းပေါင်း ၅၉ တွင် ကားအမှတ်တံဆိပ်ပေါင်း ၃၀ ကျော်ကို ပြသ ရောင်းချသည်။
Interfax သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါကားပြခန်းများမှတဆင့် ၂၀၂၂ ခုနှစ်အတွင်း ကားအစင်းရေ ၁၀၀,၀၀၀ ခန့် ရောင်းချခဲ့သည်ဟု ဆိုသည်။
“ဒါက စီးပွားရေးလိုအပ်ချက်နဲ့ ဆက်နွယ်နေတဲ့အပြင် လက်ရှိ ရုရှားအစိုးရရဲ့ တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက် တာ ဖြစ်ပါတယ်”ဟု ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ရိုက်တာ သတင်းဌာနသို့ ပြောသည်။
ကုမ္ပဏီစီမံခန့်ခွဲမှု ယာယီအပြောင်းအလဲ ဖြစ်မှုသည် Rolf ၏ လုပ်ငန်းဆောင်ရွက်မှုများကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်းလည်း ရုရှားအစိုးရက ထုတ်ပြန်သည်။
သို့သော် Sergei Petrov က ဤလုပ်ဆောင်ချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ရုရှား၏ စွဲဆောင်နိုင်မှု အပေါ် ထိုးနှက်ချက်တစ်ရပ် ဖြစ်ကြောင်း ပြောသည်။
ယခုကဲ့သို့ အဖြစ်အပျက်များ ဆက်လက်ဖြစ်ပွားနေပါက အာရှမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် ရုရှားရှိ ရှယ်ယာများ ဝယ်ယူကာ စွန့်စားမှု ပြုလုပ်ကြမည်လောဟု ၎င်းက မေးခွန်းထုတ်သည်။
“ယာယီစီမံခန့်ခွဲမှုဆိုတာ အမြဲတမ်းဖြစ်တယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်တို့အားလုံး ဒါကိုသိထားပြီးပါပြီ။ ဘဏ်လုပ်ငန်းရှင်တွေကလည်း ကျွန်တော်တို့ကို ပြောခဲ့ပါတယ်…ခင်ဗျားတို့ အပြင်က ကွပ်ကဲမှုအောက်မှာ အထားခံရလိမ့်မယ်လို့ ပြောခဲ့ကြပါတယ်”ဟု Sergei Petrov က ပြောသည်။
Sergei Petrov သည် လက်ရှိအားဖြင့် သြစထရီးယားနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
ရုရှားက ကရိုင်းမီးယားကျွန်းဆွယ်သို့ ကျူးကျော်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် သမ္မတပူတင်အား ရှုတ်ချသည့် ထုတ်ပြန်စာ တစ်စောင်ကို စီးပွားရေးလုပ်ငန်းရှင်များက ထုတ်ပြန်ခဲ့ရာ ထိုအထဲတွင် Sergei Petrov လည်း ပါဝင်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Putin Takes Over Russia’s Largest Car Dealer, Exiled Billionaire Owner Cries Foul (carscoops)