Elon Musk က အသက် ၇၅ နှစ်ရှိပြီဖြစ်သော မိခင်ကြီးအပါအဝင် သူ၏ မိသားစု ဆွေမျိုးများအား Tesla ကားဝယ်ရာတွင် ဈေးလျှော့မပေး

  • 298 views


Tesla Inc နှင့် Space X တို့၏ စီအီးအို Elon Musk သည် နည်းပညာနယ်ပယ်နှင့် အာကာသ စူးစမ်း လေ့လာရေးတို့တွင် ရှေ့ဆောင်ရှေ့ရွက်ပြု တီထွင်မှုများအပြင် မိသားစုနှင့် စီးပွားရေး အပေါ် တမူထူးသော ချဉ်းကပ်ပုံများဖြင့် လူသိများသည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် အကြိမ်ကြိမ်ရပ်တည်ခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ မတ်လ အချက်အလက်များအရ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၁၀ ဘီလီယံ ရှိသည်ဟု ခန့်မှန်းရသည်။
ထိုမျှ ချမ်းသာကြွယ်ဝသော်လည်း Elon Musk က သာတူညီမျှ ရှိမှုနှင့် တရားမျှတမှုဟူသောမူကို အခိုင်အမာ ကိုင်ဆွဲထားသည်။

မိသားစုနှင့် ပတ်သက်လာလျှင်ပင် သူ၏မူကို အလျှော့မပေး။
Elon Musk က အဆိုပါမူအား အခိုင်အမာ ကိုင်ဆွဲပုံကို သူနှင့် သူ၏ ညီအစ်ကို ဝမ်းကွဲ Lyndon Rive (SolarCity ၏ စီအီးအိုဟောင်း ) တို့ကြားမှ ဖြစ်ရပ်တစ်ခုက အထင်အရှား ပြသနေသည်။

Lyndon Rive က တခါတွင် Elon Musk ထံ ဆက်သွယ်ကာ Tesla တစ်စင်း ဝယ်လိုသောကြောင့် မိသားစု လျှော့ဈေးဖြင့် ရနိုင်မည်လောဟု စုံစမ်းမေးမြန်းခဲ့သည်။

“ကျွန်တော်က မေးခဲ့တယ်။ Elon ရေ …. ဟေး …. ငါကားတစ်စင်းလောက် မိသားစု လျှော့ဈေးနဲ့ ရနိုင်မလား။ ..လို့ မေးတော့ သူက … ရနိုင်တာပေါ့… TeslaMotor.com ဝက်ဘ်ဆိုက်ကို သွားလိုက်။ အဲဒီမှာ ကားကို အွန်လိုင်းကနေ ဝယ်လိုက်ပါ။ အဲဒီမှာ တွေ့ရမယ့်ဈေးနှုန်းက မိသားစုလျှော့ဈေးပဲ… လို့ သူက ပြန်ဖြေတယ်” ဟု Lyndon Rive က Tech Insider သတင်းဌာနသို့ ပြောသည်။

Elon Musk ၏ တုန့်ပြန်မှုမှာ မည်သူကိုမှ အခွင့်ထူးခံ အခွင့်အရေး မပေးသည့် မူဝါဒကို ပြသနေသည်။

မိသားစုဝင်များအပါအဝင် လူတိုင်းမှာ Tesla ကားများကို တူညီသော ဈေးနှုန်းဖြင့်သာ ဝယ်ယူရမည်ဖြစ်ကြောင်း ပြသနေသည်။

Elon Musk ၏ မိခင်က ၂၀၁၇ ခုနှစ်အတွင်း နယူးယောက်တိုင်းမ် သတင်းစာကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်မှာ သူမသည် Model 3 တစ်စင်းမှာယူခဲ့ရာ အစင်းရေ ၃၀၀,၀၀၀ မြောက် ဝန်းကျင်ခန့်တွင် သတ်မှတ်ခံရကာ ကာလကြာရှည် စောင့်ဆိုင်းခဲ့ရကြောင်း ပြောသည်။

“ကျွန်မဟာ သူနဲ့အဆက်အသွယ်ကောင်းရှိပေမယ့် အလှည့်ကျော်ပြီး မရခဲ့ပါဘူး။”

၂၀၂၃ ခုနှစ်အတွင်း AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် Elon Musk ၏ မိခင် Maye Musk အား မေးမြန်းခဲ့သည်မှာ X လူမှုကွန်ရက်တွင် Verification ရရန် ငွေပေးခဲ့ရခြင်းရှိမရှိ ၊ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များအတွက် ဈေးလျှော့ပေးခဲ့ခြင်း ရှိမရှိ မေးမြန်းခဲ့သည်။

Maye Musk က ပြောသည်မှာ သားဖြစ်သူက မိမိအား Tesla တစ်စင်း ဝယ်ပေးခဲ့သော်လည်း ထိုသို့ဝယ်ယူ ရာတွင် လျှော့ဈေးမရခဲ့ကြောင်း ၊ သတ်မှတ်ဈေးနှုန်း အပြည့်အဝပေးခဲ့ရကြောင်း ပြောသည်။

မိမိ၏ တူဖြစ်သူက Tesla တစ်စင်းဝယ်လိုသောကြောင့် လျှော့ဈေးဖြင့် ရရှိရေး Elon Musk ထံပြောပေးရန် တောင်းဆိုခဲ့ကြောင်းလည်း Maye Musk က ပြောသည်။

Maye Musk ပြန်လည်ပြောပြမှုအရ ထိုစဉ်က Elon Musk ဖြေကြားခဲ့သည်မှာ “Tesla တစ်စီး ဝယ်ပြီဆိုတာနဲ့ လူတိုင်းက မိသားစုဝင်တွေချည်းပါပဲ” ဟု ပြောခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Elon Musk Doesn't Give Family, Including His 75-Year-Old Mother, Early Access Or Discounts On Teslas, Saying, 'The Price You See Is The Family Discount' (finance)