- ပင်မစာမျက်နှာ
- ကားသတင်းများ
- Bruce Springsteen ၏ ဒရမ်သမားက ကားဟောင်းမွမ်းမံရောင်းချသည့်ဆိုင်မှ Mercedes-Benz 190SL တစ်စင်းဝယ်ရန် ကြိုတင်ငွေပေးခဲ့သော်လည်း အခြေအနေဆိုးရွားသော ကားသာ ရရှိသောကြောင့် တရားစွဲ
Bruce Springsteen ၏ ဒရမ်သမားက ကားဟောင်းမွမ်းမံရောင်းချသည့်ဆိုင်မှ Mercedes-Benz 190SL တစ်စင်းဝယ်ရန် ကြိုတင်ငွေပေးခဲ့သော်လည်း အခြေအနေဆိုးရွားသော ကားသာ ရရှိသောကြောင့် တရားစွဲ
- 181 views
Bruce Springsteen ၏ သီချင်းများသည် မြန်မာတို့နှင့် ကောင်းစွာရင်းနှီးပြီး ဖြစ်သည်။
Bruce Springsteen ၏ Cover me ကို ဇော်ဝင်းထွဋ်၏ လမ်းသစ်စီးရီးတွင် လမ်းသစ်ဟူသောအမည်ဖြင့် လည်းကောင်း၊ ထိုသီချင်းကိုပင် ချစ်ကောင်းနှင့် ဟေမာနေဝင်းတို့၏ ပိုးဖလံ ၂ စီးရီးတွင် ရည်းစားလေးဟု လည်းကောင်း ပြန်လည်သီဆိုခဲ့ဖူးသည်။
ထို့အပြင် အဆိုပါသီချင်းကိုပင် စိုးသူက ရည်းစားလေးနဲ့ အချစ်ရဲ့မှတ်တမ်းစီးရီးတွင် ရည်းစားလေးဟူသော အမည်ဖြင့်ပင် ပြန်လည်သီဆိုထားသေးသည်။
Darlington County ကို ဇော်ဝင်းထွဋ်က နေထွက်ရာအရပ်ကို မျက်နှာမူ၍၊ Protection ကို မေရွက်ဝါက ပြန်ခဲ့ရှင်၊ Beatles နှင့် Bruce Springsteen တို့ ပူးတွဲသီဆိုထားသော I saw her standing there ကို ရန်အောင်က သူ့ရဲ့အသက် ၁၇ နှစ် အစရှိသဖြင့် ပြန်လည်သီဆိုထားသည်။
Bruce Springsteen ၏ ဒရမ်သမားဖြစ်သူ မက်စ် ဝိန်းဘာ့ဂ်သည် အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါ ပြည်နယ်ရှိ ကားပြင်ဆင်ရောင်းချသော လုပ်ငန်းတစ်ခုထံမှ အလုံးစုံ ပြန်လည်မွမ်းမံထားသော ၁၉၅၇ ခုနှစ် ထုတ် Mercedes-Benz 190SL တစ်စင်းဝယ်ရန် ကန်ဒေါ်လာ ၁၂၅၀၀၀ ပေးအပ်ခဲ့သည်။
ဝိန်းဘာ့ဂ်က ပြောသည်မှာ ထိုကုမ္ပဏီက မိမိ၏ငွေကို ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအတွက်သာ သုံးခဲ့ကြ ကြောင်း ပြောသည်။
ဝန်းဘာ့ဂ်က Aurther Siegle နှင့် သူ၏ မိသားစုဝင်များ၊ Investment Automotive Group Inc တို့အား Palm Beach ခရိုင် တရားရုံးတွင် ကန်ဒေါ်လာ ၃၇၅၀၀၀ ရလိုမှုဖြင့် တရားစွဲခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။
မိမိကနဦး ပေးသွင်းထားသော ငွေများကို တောင့်တင်းကောင်းမွန်သော Mercedes-Benz 190SL တစ်စင်း ဝယ်ယူရန် မသုံးခဲ့ဘဲ မိမိအား ဖုန်အလိမ်းလိမ်းတက်နေကာ ထိခိုက်မှုများ ရှိနေသော ကားတစ်စင်းသာ ပေးခဲ့ကြောင်း၊ ပျက်စီးမှု အလွန်များပြားသောကြောင့် ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ဝိန်းဘာ့ဂ်က ပြောသည်။
အကျော်အမော်တို့နှင့် သာမန်ပြည်သူတို့သည် ကားပြုပြင်ရောင်းချသော ဆိုင်များထံမှ မော်တော်ကားများ ဝယ်ယူကြခြင်းများ များစွာရှိသည်။
ရှေးဟောင်းဂန္ထဝင်ကားများကို ဝယ်ယူကာ ပြန်လည်မွမ်းမံပြီး ဖောက်သည်များထံ ရောင်းချပေးသော တရားဝင် လုပ်ငန်းများစွာ ရှိသည်။
သို့သော် ကားမရသူ (သို့မဟုတ်) မွမ်းမံမှု အပေါ်ယံမျှသာ ပြုလုပ်ထားသောကားသာ ရရှိခြင်းနှင့် ရင်ဆိုင်ရသူ များလည်း ရှိနေသည်။
သတင်းများအရ ဒေသတွင်းရဲတပ်ဖွဲ့က ထိုအမှုကို စုံစမ်းခဲ့ရာတွင် Siegle မိသားစုက ဝိန်းဘာ့ဂ် ကြိုတင်ငွေ ပေးသွင်းထားသော ဒေါ်လာ ၁၂၅၀၀၀ ကို ကိုယ်ရေးကိုယ်တာအတွက် သုံးခဲ့ကြောင်း တွေ့ရှိခဲ့သော်လည်း ၎င်းတို့အား ရာဇဝတ်ကြောင်းအရ တရားစွဲခဲ့ခြင်း မရှိချေ။
ဝိန်းဘာ့ဂ်က ထိုငွေကို လွန်ခဲ့သော ၃ နှစ်ခန့်က ပေးခဲ့ခြင်း ဖြစ်သည်။
အမေရိကတွင် ကားပြင်ဆင်ရောင်းချသော လုပ်ငန်းများထံမှ ဝယ်ယူရခြင်းတွင် အာမခံချက် မရှိချေ။
ကြိုတင်ငွေ မပေးသွင်းမီ ကြိုတင်လေ့လာမှုများ ပြုလုပ်သင့်သည်။
အဆိုပါ လုပ်ငန်း၏ ဖောက်သည်ဟောင်းများထံ မေးမြန်းကြည့်ခြင်း ၊ အွန်လိုင်းမှ Review များအား လေ့လာ ကြည့်ခြင်းတို့ လုပ်ဆောင်ခြင်းအားဖြင့် ထိုလုပ်ငန်းအကြောင်း လေ့လာနိုင်ပြီး အခြားသူများ မည်သို့ ကြုံတွေ့ခဲ့ရ သည်ကို သိရှိနိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bruce Springsteen’s Drummer Sues Car Restoration Shop (autos)
Photo Credit: autos.yahoo