- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်ထောင်စု မိုင်အမ်မီမှ ခြောက်ခြားဖွယ် ရေအောက်ကားသင်္ချိုင်း
အမေရိကန်ပြည်ထောင်စု မိုင်အမ်မီမှ ခြောက်ခြားဖွယ် ရေအောက်ကားသင်္ချိုင်း
- 485 views
ရေကန်ကြီးတစ်ခု၏ ကြမ်းပြင်တွင် ခြောက်ခြားဖွယ် ကားသင်္ချိုင်းတစ်ခုကို မကြာသေးမီက ရှာဖွေတွေ့ရှိ လာသည်။
မိုင်အမ်မီရှိ Dade ခရိုင်မှ အမှုတစ်ခုအတွက် ရဲအရာရှိများက သဲလွန်စ ရှာဖွေရင်း ယုန်ထောင်ကြောင်မိ ဆိုသကဲ့သို့ မျှော်လင့်မထားသော အရာတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြသည်။
(ရေကန်အောက်ခြေကြမ်းပြင်တွင် ကား ၃၂ စင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အချို့မှာ ရှေးဟောင်းကားများ ဖြစ်ကြ သည်။ ဓာတ်ပုံ-CBS Miami)
(ရေငုပ်သမားတို့က ရေအောက်ကားသင်္ချိုင်းတွေ့ရှိမှုအပေါ် မိုင်အမ်မီ ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့သည်။ ဓာတ်ပုံ-CBS Miami)
United Search Corps အမည်ရှိ အပျော်တမ်း ရေငုပ်အဖွဲ့တည်ထောင်သူ Doug Bishop နှင့် ရေငုပ်သမား Ken Fleming တို့က ပြောသည်မှာ အဖြေရှာမရဘဲ လူများ ပျောက်ဆုံးသွားမှုအတွက် သဲလွန်စရှာဖွေရန် ထိုရေကန် ကို ရေငုပ်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“Pinellas ခရိုင်က လူတစ်ဦးဟာ ဆွေမျိုးတွေကို လေဆိပ်မှာကြိုဖို့ ကားမောင်းသွားရင်း ပျောက်ဆုံးသွားတဲ့ အမှုတစ်ခု ရှိပါတယ်”ဟု Fleming က 7 News သတင်းဌာနသို့ ပြောသည်။
“ဒီနေရာဟာ မိုင်အမ်မီ နိုင်ငံတကာလေဆိပ်နဲ့ နီးပြီး ရေပြင်ကလည်း ကြီးမားကျယ်ပြန့်တယ်။ လူသူ အလွယ်တကူ ဝင်ရောက်လို့လည်း ရတယ်။ ဒါကြောင့် အခင်းဖြစ်နိုင်တဲ့ နေရာအဖြစ် ကျွန်တော်တို့ သတ်မှတ်ခဲ့ ပါတယ်။”
ထိုကန်ကြီး၏ အောက်ခြေတွင် ကား ၃၂ စင်းတွေ့ရှိခဲ့ပြီး အချို့မှာ ရှေးဟောင်းကားများဖြစ်သည်။
ဖလော်ရီဒါပြည်နယ်အတွင်း အပျော်တမ်းရေငုပ်အဖွဲ့က ရေအောက်တွင် စုစုပေါင်း ကားအစင်းရေ ၆၀ တွေ့ရှိ ထားပြီး ယင်းတို့မှာ ရာဇဝတ်မှုများနှင့် ဆက်နွယ်နေသည်။
ရေငုပ်သမားများက ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့သည်။
ရဲတပ်ဖွဲ့က ကိုယ်ပိုင်ရေငုပ်အဖွဲ့ စေလွှတ်ခဲ့ပြီးနောက် ပြည်သူ့သတင်းအချက်အလက် အရာရှိ Alvaro Zabaleta ကမူ ဌာန၏ ခန့်မှန်းချက်မှာ ကားအစင်းရေ ၂၀ သာ ဖြစ်သည်ဟု ဆိုသည်။
သို့သော် ကားအစင်းရေ ပမာဏ အတိအကျပြောရန် ၎င်းအတွက် မဖြစ်နိုင်သေးကြောင်း၊ ကားအားလုံး ဆယ်ယူပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ကားများကို ဆယ်ယူပြီးလျှင် ကားခိုးယူခံရသောအမှုများ ပိုမိုဖြေရှင်းနိုင်မည်ဟု ရဲတပ်ဖွဲ့က မျှော်လင့်ထားသည်။
ရေအောက်တွင် ရှိနေသောကားများအားလုံးမှာ ၁၀ နှစ်မှ ၁၅ နှစ်အထိ သက်တမ်းရှိပြီဖြစ်သော ကားများဖြစ် ကြောင်း၊ Ford Crown Victoria၊ Econoline E-350 နှင့် Cadillac De Ville တို့လည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။
“ဒီကားအများစုက ရာဇဝတ်မှုနဲ့ ဆက်နွယ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ အခိုးခံရတာ ဖြစ်နိုင်သလို အာမခံကြေး လိမ်လည်ရယူဖို့အတွက် ရေကန်ထဲကို စွန့်ပစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်”ဟု Zabaleta က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Creepy underwater car graveyard discovered at bottom of lake including antique Ford Crown Victoria and Cadillac DeVille (thesun)
Photo Credit: CBS Miami