• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Mercedes ထုတ် ကမ္ဘာ့ပထမဆုံးပြိုင်ကား လေလံပွဲတွင် ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထွက်ခဲ့ရာ လေလံ တင်ခဲ့ဖူးသမျှ ရှေးဟောင်းကားများတွင် ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်လာ

Mercedes ထုတ် ကမ္ဘာ့ပထမဆုံးပြိုင်ကား လေလံပွဲတွင် ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထွက်ခဲ့ရာ လေလံ တင်ခဲ့ဖူးသမျှ ရှေးဟောင်းကားများတွင် ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်လာ

  • 365 views

Mercedes မှ ထုတ်လုပ်ခဲ့သော ကမ္ဘာ့ပထမဆုံး ပြိုင်ကားကို လေလံတင်ရောင်းချခဲ့ရာ လေလံတင်ခဲ့ဖူးသမျှ ရှေးဟောင်းကားများတွင် ဈေးအကြီးဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်သွားသည်။

၁၉၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သောကားဖြစ်ပြီး ထိုခေတ်ထိုအခါက ကမ္ဘာ့အမြန်ဆုံးကားဖြစ်ခဲ့ကာ မြင်းကောင်ရေ ၆၀ အားရှိသည်။

 

(Mercedes-Simplex 60 ကို ၁၉၀၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။ ဓာတ်ပုံ-Getty)

 

(ရည်ညွှန်းဈေး ကန်ဒေါ်လာ ၉ သန်းခန့် သတ်မှတ်ခဲ့သည်။ ဓာတ်ပုံ-Getty)

 

ဤမျှ သက်တမ်းကြာရှည်စွာ ယနေ့တိုင်ရှိနေသော ကား ၅ စင်းသာ ရှိသည့်အနက်  ၁ စင်း ဖြစ်သည်။

ကိုယ်ထည်မှာ Roi des Belges (ဘယ်လ်ဂျီယမ် ဘုရင်ဟု အဓိပ္ပာယ်ရ) ဖြစ်ပြီး သားနားသော လက်တင် သားရေထိုင်ခုံ ၂ တန်းပါဝင်ပြီး အမိုးမပါ။

ယနေ့အချိန်အထိ တစ်နာရီ မိုင် ၈၀ ကျော် မောင်းနှင်နိုင်စွမ်း ရှိသည်။

ဤကားသည် ဂုဏ်သတင်းကြီးမားသော ကားပြိုင်ပွဲ ပြိုင်ဆိုင်ခဲ့သည့် သမိုင်းမှတ်တမ်းလည်းရှိပြီး ပြင်သစ်တွင် ၁၉၀၃ ခုနှစ်၌ ကျင်းပခဲ့သော Nice Speed Trials တွင် အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

ထိုနှစ်တွင်ပင် အိုင်ယာလန်တွင် ကျင်းပခဲ့သော Ballybannon Hill Climb တွင်လည်း အနိုင်ရရှိခဲ့သည်။

ဤကားကို ကမ္ဘာတစ်ဝန်းမှ အလွန်ချမ်းသာကြွယ်ဝသူတို့က များစွာ စိတ်ဝင်စားခဲ့ကြသည်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ဝီလျံ ဗန်ဒါဘစ်နှင့် ပြင်သစ် ပြဇာတ်ဆရာ Baron Henri de Rothschild တို့ ပိုင်ဆိုင်ခဲ့ဖူးသည်။

ဤကားသည် ဗြိတိန်မှ အထင်ကရ အဖြစ်ဆုံး ကားဝါသနာရှင်တစ်ဦးဖြစ်သော အဲဖရက် ဟမ်းစ်ဝါ့သ်အတွက် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၂၂ ခုနှစ်တွင် ၎င်းကွယ်လွန်ပြီးနောက်ပိုင်း သားဖြစ်သူက ဆက်လက်ပိုင်ဆိုင်ခဲ့သည်။

နံပါတ်ပြားမှာ A အက္ခရာဖြစ်ပြီး ထိုခေတ်က လန်ဒန်မြို့တွင် မှတ်ပုံတင်ထားသော ကားများအနက် အစင်းရေ ၇၄၀ မြောက် ဖြစ်သည်။

အဆိုပါကားကို ထိုမိသားစုကပင် ဆက်လက်ပိုင်ဆိုင်ခဲ့ပြီးနောက် Hampshire ရှိ Beaulieu ကားပြတိုက်တွင် နှစ်ပေါင်း ၆၀ ကျော် ပြသထားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၉ ရက်က ရည်ညွှန်းဈေး ကန်ဒေါ်လာ ၁၀ သန်းဖြင့် လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ရောင်းထွက်သွားသော ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၂,၁၀၅,၀၀၀ ဖြစ်သည်။

ရှေးဟောင်းကားတစ်စင်းအတွက် လေလံတင်ဈေးနှုန်း အများဆုံးရရှိခဲ့သော ကားအဖြစ် ယခင်စံချိန်တင်ထားသည်မှာ ၁၉၂၄ ခုနှစ်ထုတ် Hispano-Suiza H6C Tulipwood Torpedo ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၃ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။

 

(ဤကားကို ဗြိတိန်ပြဇာတ်ဆရာ အဲဖရက် ဟမ်းစ်ဝါ့သ် ပိုင်ဆိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Getty)

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Mercedes dubbed ‘world’s first supercar’ to become most expensive antique motor EVER auctioned, with eye-watering price (thesun)


Photo Credit:  Getty