- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည် ချန်ရှားမြို့တွင် ချန်မြစ်ကို ဖြတ်သန်းကာ ကမ္ဘာ့ပထမဆုံး မိုးပျံကား Xpeng X2 မောင်းနှင်ပျံသန်း
တရုတ်ပြည် ချန်ရှားမြို့တွင် ချန်မြစ်ကို ဖြတ်သန်းကာ ကမ္ဘာ့ပထမဆုံး မိုးပျံကား Xpeng X2 မောင်းနှင်ပျံသန်း
- 384 views
Xpeng X2 သည် မြစ်ကို ဖြတ်သန်းကာ ပထမဆုံးခရီးစဉ် အောင်မြင်စွာ မောင်းနှင်ခဲ့သည်။
သိပ္ပံဆန်းကြယ်ရုပ်ရှင်ကားထဲမှ အပြင်ထွက်လာသကဲ့သို့ ထင်ရသော ကမ္ဘာ့ပထမဆုံး မိုးပျံကားသည် တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှားမြို့ ရှန်မြစ်ကို ဖြတ်သန်းကာ အောင်မြင်စွာ စမ်းသပ်မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
မိုးပျံကားသည် မြစ်၏ အနောက်ဘက်ကမ်းပါးမှ ထွက်ခွာကာ Zhoutou Square တွင် ဆင်းသက်ခဲ့ရာ ပျံသန်းချိန် ၄ မိနစ် ကြာမြင့်ခဲ့ပြီး ပျံသန်းခဲ့သောခရီးမှာ ၁ ဒသမ ၅ ကီလိုမီတာ (၀ ဒသမ ၉၃ မိုင်) ဖြစ်သည်။
(ဓာတ်ပုံ-CarNewsChina/YouTube)
မိုးပျံကားတို့မှာ လက်ရှိအားဖြင့် အစပျိုးနေသည့် ကာလတွင်သာ ရှိသေးသည်။
သို့သော် Xpeng ၎င်း၏ ခရီးကို စတင်ခဲ့ပြီးဖြစ်ပြီး အနာဂတ်မှာ လင်းလက်လျက်ရှိသည်။
Xpeng မှ ယခုထုတ်လုပ်ထားသော X2 နမူနာကားမှာ ၃ နာရီအားသွင်းထားလျှင် ၃၅ မိနစ်ခန့် ပျံသန်းနိုင်ပြီး မဝေးတော့သည့် အနာဂတ်တွင် ပိုမိုတိုးတက်မှုများ တွေ့လာရမည်မှာ သေချာသည်။
(ဓာတ်ပုံ-CarNewsChina/YouTube)
ဒရုန်းများနှင့် မတူသည့်အချက်မှာ ဒရုန်းများတွင် မော်တာ ၄ လုံးသာပါပြီး Xpeng X2 မှာ octocopter ဟု ခေါ်သော ဒလက် ၈ ခုပါသည့် ယာဉ်မျိုး ဖြစ်သည်။
ထို့ကြောင့် မော်တာတစ်လုံး ချွတ်ယွင်းလျှင်ပင် ဆက်လက်ပျံသန်းနိုင်သည်။
မော်တာများ ထို့ထက်ပို၍ ချွတ်ယွင်းပါက built-in ထည့်သွင်းထားသော လေထီးဖြင့် ဆင်းသက်နိုင်မည် ဖြစ်သည်။
(ဓာတ်ပုံ-CarNewsChina/YouTube)
Xpeng X2 ၏ အကျယ်အဝန်းမှာ အလျား ၅၇၇၂ မီလီမီတာ၊ ဗျက် ၅၁၂၄ မီလီမီတာနှင့် အမြင့် ၁၃၆၂ မီလီမီတာ ဖြစ်သည်။
ကာဗွန်ထုတ်ကုန်တို့ဖြင့် အဓိက တည်ဆောက်ထားပြီး အလေးချိန် ၆၈၀ ကီလိုဂရမ်ရှိသည်။
နှစ်ယောက်စီးအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အလေးချိန် ၁၆၀ ကီလိုဂရမ် သယ်ဆောင်နိုင်သည်။
ယခုမိုးပျံကားကို တရုတ်ပြည်မှ AeroHT ကုမ္ပဏီက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး မြစ်ကို ဖြတ်သန်းသည့် ခရီးစဉ်သည် မိုးပျံကား ထုတ်လုပ်မှု နည်းပညာသမိုင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ယင်းကုမ္ပဏီက ပြောသည်။
မြစ်ကို မဖြတ်သန်းမီတွင် Xpeng X2 ကို စမ်းသပ်မောင်းနှင်မှု အကြိမ် ၄၀၀၀ ကျော်ပြုလုပ်ခဲ့သည်။
လူစည်ကားသော မြို့လယ်စီးပွားရေးရပ်ကွက်များ၊ ပင်လယ်ဒေသများနှင့် သဲကန္တာရများကဲ့သို့ အမျိုးမျိုးသော ဝန်းကျင်များတွင် စမ်းသပ်ခဲ့သည်။
(ဓာတ်ပုံ-CarNewsChina/YouTube)
၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက Xpeng မှ ထုတ်လုပ်မည့် မိုးပျံကားများ၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပေါက်ကြား လာခဲ့ဖူးသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဒူဘိုင်း၌ Xpeng X2 ကို နိုင်ငံတကာတွင် ပထမဆုံး ပွဲထုတ် ပျံသန်းခဲ့ရာ နိုင်ငံတကာထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး တရုတ်ပြည်ပြင်ပတွင် ပထမဆုံး အသိအမှတ်ပြုခံရ မှုများ ရရှိခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Watch as the world’s first flying car the Xpeng X2 completes cross-river flight (supercarblondie)
Photo Credit: CarNewsChina/YouTube