Rolls Royce ကားသစ်ကြီး ၁၀ စင်းကို အမှိုက်သယ်ကားအဖြစ် သုံးခဲ့သော အိန္ဒိယမှ မဟာရာဇာတစ်ဦး၏ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း

  • 4624 views

အကယ်၍ သင်သည် ကားဝါသနာအိုးတစ်ဦးဆိုပါက အိန္ဒိယ မဟာရာဇာတစ်ပါးနှင့် သူ၏ ရိုးရွိုက်စ်ကားများ အကြောင်း ကြားဖူးဖွယ်ရှိသည်။


ရိုးရွိုက်စ်တို့သည် အနုပညာနှင့် အင်ဂျင်နီယာပညာတို့ ပေါင်းစပ်ထားပြီး တန်ကြေးမြင့်မားသော ကားများ ဖြစ်သည်။
ရိုးရွိုက်စ်တို့သည် ပိုင်ရှင်အတွက် ဂုဏ်နှင့် ပျော်ရွှင်မှုတို့လည်း ဆောင်ကြဉ်းပေးသည်။

ယခုဖော်ပြမည့် ဇာတ်လမ်းမှာ အိန္ဒိယပြည် ရာဂျက်စ်သန်ပြည်နယ်မှ မဟာရာဇာဖြစ်သော ဂျိုင်းဆင်း ပရာဘာကာနှင့် ရိုးရွိုက်စ်ကားများ အမှိုက်သယ်ကားအဖြစ် အသုံးပြုခံခဲ့ရပုံ ထူးခြားသော ဇာတ်ကြောင်း ဖြစ်သည်။

ပရာဘာကာသည် သူ့ခေတ်သူ့ကာလက သြဇာအကြီးဆုံးနှင့် အချမ်းသာဆုံးအကြီးအကဲများတွင် ပါဝင်ခဲ့သည်။

ဂျိုင်းဆင်း ပရာဘာကာသည် ခမ်းနားလှသော နေထိုင်မှု ၊ ကြီးကျယ်လှသော ပါတီပွဲကြီးများ ၊ တမူထူးသော ဝါသနာများဖြင့် နာမည်ကြီးသည်။

ပရာဘာကာသည် တခါတွင် သူအနှစ်သက်ဆုံး မြင်းကြီးကို ဘုံဘေမြို့သို့ ခေါ်ဆောင်ရန် ရထားတစ်စီးသီးသန့် ငှားခဲ့သည်။

ထို့နောက် ဘုံဘေရှိ ကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်ကြီးတွင် မြင်းကြီး နေထိုင်ရန် အခန်းတစ်ခန်း ငှားရမ်း ပေးခဲ့သည်။
ပရာဘာကာသည် တစ်ရက်လျှင် အကြိမ်ပေါင်းများစွာ အဝတ်အစားလဲတတ်သောအကျင့်ရှိသည်။

 

 

မှတ်တမ်းများအရ မဟာရာဇာ ပရာဘာကာသည် လန်ဒန်မြို့သို့ အလည်အပတ်သွားရောက်ခဲ့သည်။

ထိုသို့ ရောက်ရှိနေစဉ်ကာလအတွင်း တစ်ရက်တွင် လန်ဒန်မြို့တခွင် လူမသိသူမသိ သွားလာလည်ပတ်ရန် ဆုံးဖြတ်ကာ သာမန်အင်္ဂလိပ်လူမျိုးတစ်ဦးအတိုင်း ဝတ်စားသွားလာခဲ့သည်။
ရိုးရွိုက်စ်ပြခန်းတစ်ခုရှေ့မှ ဖြတ်သွားချိန်တွင် မဟာရာဇာက ပြခန်းအတွင်း ဝင်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

မဟာရာဇာက ပြခန်းဝန်ထမ်းအား ရိုးရွိုက်စ်ကားများ၏ Specification နှင့် ဈေးနှုန်းများ မေးမြန်းခဲ့သည်။

ဝန်ထမ်းက ၎င်းအား ကြည့်လိုက်ရာတွင် အိန္ဒိယလူတစ်မျိုးတစ်ဦးဖြစ်ကြောင်း သိသွားသည်။

ဆင်းရဲသား အိန္ဒိယသားတစ်ဦးဖြစ်ပြီး ၎င်းတို့၏ ဈေးကြီးလှသော ကားများကို မဝယ်နိုင်ဟု ထင်ကာ ကားစက်စမ်းပြရန် တောင်းဆိုမှုကို မသိကျိုးကျွံပြုပြီး မဟာရာဇာအား ရိုင်းစိုင်းစွာ ဆက်ဆံကာ ပြခန်းထဲမှ မောင်းထုတ်ခဲ့သည်။

မဟာရာဇာ ပရာဘာကာလည်း ဒေါသတကြီးဖြင့် ပြခန်းထဲမှ ထွက်ခွာလာခဲ့သည်။

မဟာရာဇာလည်း သူ၏ဟိုတယ်သို့ ပြန်လာခဲ့ပြီး ရိုးရွိုက်စ် ပြခန်းကို ဆက်သွယ်ကာ အိန္ဒိယမှ မဟာရာဇာ တစ်ဦး လာရောက်လိုကြောင်း တရားဝင်ဆက်သွယ်ကာ ကြိုတင်ပြင်ဆင်ထားရန် တောင်းဆိုခဲ့သည်။

ထို့နောက် မဟာရာဇာတစ်ဦး၏ တရားဝင် ဝတ်စားဆင်ယင်ပုံအတိုင်း တောက်ပသော အဝတ်အစားများ၊ ကျောက်သံပတ္တမြားများ ဝတ်ဆင်ကာ ရိုးရွိုက်စ် ပြခန်းသို့ သွားရောက်ခဲ့သည်။

မဟာရာဇာကို ရိုးရွိုက်စ်ပြခန်းက ကော်ဇောနီခင်းကာ ကြိုဆိုခဲ့ပြီး တဖက်တချက်စီတွင် ဝန်ထမ်းများက အရိုအသေပေးကာ ကြိုဆိုကြသည်။

 

ထိုဝန်ထမ်းများထဲတွင် မဟာရာဇာအား ရိုင်းပျစွာဆက်ဆံခဲ့သော ဝန်ထမ်းများ ပါဝင်ပြီး ၎င်းတို့၏ အမှားများကို သိရှိသွားသည်။

မဟာရာဇာသည် ရိုးရွိုက်စ်ပြခန်းတွင် ၂ နာရီကျော် နေခဲ့ပြီး ပြခန်းတွင် ပြသထားသော ကား ၆ စင်းလုံးကို စမ်းသပ်ကြည့်ခဲ့သည်။

ထို့နောက် ထိုကားအားလုံးကို ချက်ချင်းငွေချေကာ ဝယ်ယူခဲ့သည့်အပြင် အိန္ဒိယသို့ နောက်ထပ် ၄ စင်း ထပ်မံ ပေးပို့ရန်လည်း မှာယူခဲ့သေးသည်။

အိန္ဒိယသို့ ပို့ဆောင်ရမည့်စရိတ်ကိုပင် ပေးခဲ့သေးသည်။

အိန္ဒိယသို့ ပြန်ရောက်ချိန်တွင် မဟာရာဇာက နယူးဒေလီမြို့ စည်ပင်သာယာအဖွဲ့အား အဆိုပါ ရိုးရွိုက်စ်ကား များဖြင့် အမှိုက်သယ်ရန် အမိန့်ထုတ်ခဲ့သည်။

ထို့ကြောင့် ရိုးရွိုက်စ်ကား အသစ်စက်စက် ၆ စင်းမှာ နယူးဒေလီမြို့လမ်းများပေါ်တွင် အမှိုက်များ လိုက်လံ သယ်ယူနေတော့သည်။

ရိုးရွိုက်စ်သည် ၁၉၂၀ ပြည့်လွန်ကာလများက ကမ္ဘာပေါ်တွင် နံပါတ် ၁ ကားထုတ်လုပ်သူ ဖြစ်ခဲ့သည်။

ထို့ကြောင့် မဟာရာဇာက ၎င်းတို့၏ တန်ဖိုးကြီးကားများအား အမှိုက်သယ်နေခြင်းအပေါ် စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရသည့်အပြင် ကုမ္ပဏီ၏ ဂုဏ်သတင်းမှာလည်း ထိခိုက်လာခဲ့ရသည်။

ထိုအချိန်က ရိုးရွိုက်စ်အကြောင်းပြောမည်ဆိုလျှင် အိန္ဒိယတွင် အမှိုက်သယ်သောကားဟု ပြောလာကြသည်။

ယင်းနောက် ရိုးရွိုက်စ်ထံမှ သံကြိုးစာတစ်စောင် မဟာရာဇာထံ ရောက်ရှိလာသည်။

ဝန်ထမ်းများ၏ ပြုမူပုံနှင့် ပတ်သက်ပြီး ရိုးရွိုက်စ်ကုမ္ပဏီက တောင်းပန်ထားသော သံကြိုးစာ ဖြစ်သည်။

ကုမ္ပဏီအကြီးအကဲများက ရိုးရွိုက်စ်ကားများဖြင့် အမှိုက်မသယ်ရန် တောင်းပန်ခဲ့ပြီး လက်ဆောင်အဖြစ် ကား ၆ စင်းလည်း ပို့ပေးခဲ့သည်။

သင်ခန်းစာပေးလိုက်ရမှုအပေါ် ကျေနပ်သွားသော မဟာရာဇာက ရိုးရွိုက်စ်၏ တောင်းပန်မှုကို လက်ခံခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The story of the Indian king who converted 10 Rolls Royce into garbage carriers (timesofindia)


Photo Credit:  Royal Treasury Trust