- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်တွင် မိမိအိမ်ရှေ့ ကားထွက်ပေါက်ကို ၂ နှစ်ခန့် ကားပိတ်ရပ်သော အိမ်နီးချင်းအား လက်စားချေပုံ
အမေရိကန်တွင် မိမိအိမ်ရှေ့ ကားထွက်ပေါက်ကို ၂ နှစ်ခန့် ကားပိတ်ရပ်သော အိမ်နီးချင်းအား လက်စားချေပုံ
- 1733 views
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးသည် အိမ်ရှေ့ကားလာရပ်နေသော အိမ်နီးချင်းနှင့် ပြဿနာ ပြေလည် စေရန် ကော်ဖီဝယ်ပေးခဲ့ရာ ၎င်းအား လာဘ်ထိုးသည်ဟု စွပ်စွဲခံခဲ့ရပုံကို ထုတ်ဖော်ပြောပြလာသည်။
စတိဗ် ဟော့ဖ်စတက်တာ (Steve Hofstetter) အမည်ရှိ အမျိုးသားက ပြောသည်မှာ မိမိအိမ်ရှေ့ ကားထွက် ပေါက်တွင် ထရပ်ကားတစ်စီး အမြဲပိတ်ရပ်ထားကြောင်း၊ ကောင်းကောင်းမွန်မွန်ဖြေရှင်းရန် ကြိုးစားမှု မအောင်မြင်သောကြောင့် မည်သို့ ဖြေရှင်းခဲ့ပုံကို ပြောပြသည်။
(အိမ်နီးချင်းနှင့် ပြဿနာကို ကောင်းမွန်စွာဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း လာဘ်ထိုးသည်ဟု စွပ်စွဲခံရသည်။ ဓာတ်ပုံ- thehofstetter)
(ဟော့ဖ်စတက်တာ၏ ကားထွက်ပေါက်ကို အကြိမ်ကြိမ်လာပိတ်သောကြောင့် အိမ်နီးချင်းနှင့် အချင်းများခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-hofstetter)
စတိဗ် ဟော့ဖ်စတက်တာ၏ နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် တည်ရှိသည်။
အဆိုပါအိမ်နီးချင်းက သူ၏ကားကို တမင်ရည်ရွယ်ချက်ရှိရှိ လာပိတ်ထားခြင်းဖြစ်သည်ဟု ဟော့ဖ်စတက်တာက ယူဆသည်။
ထိုသို့ ကားပိတ်ရပ်မှု ပြဿနာကို ၂ နှစ်ခန့် ရင်ဆိုင်နေရပြီးနောက် ဟော့ဖ်စတက်တာက သူ၏ အိမ်နီးချင်းကို ကော်ဖီတစ်ခွက် ဝယ်တိုက်ခဲ့သော်လည်း ပြဿနာမှာ ပိုမိုဆိုးရွားသွားခဲ့သည်။
TikTok တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်၌ ဟော့ဖ်စတက်တာက ပြောသည်မှာ “ကျွန်တော် ပြဿနာကို ကောင်းကောင်းမွန်မွန် ဖြေရှင်းဖို့ ကြိုးစားပါတယ်။ သူ့ကို Starbuck ကော်ဖီလက်ဆောင်ကဒ်ပေးပြီး …ဟေး.. ခင်ဗျားကို ကျွန်တော် ကော်ဖီတိုက်ပါရစေ။ ပြီးတော့ ကျွန်တော်တို့ ဒီကိစ္စဆွေးနွေးကြတာပေါ့” ဟု ဆိုသည်။
သို့သော် ဟော့ဖ်စတက်တာမှာ မမျှော်လင့်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရသည်။
“သူက ကျွန်တော့်အိမ်နီးချင်းတွေ အားလုံးဆီကိုသွားပြီး ကျွန်တော်က သူ့ကို လာဘ်ထိုးဖို့ ကြိုးစားနေပါတယ်လို့ လိုက်ပြောခဲ့တယ်”
“Google Maps ကို ကြည့်ရင် သူ့ကား ကျွန်တော့်အိမ်ရှေ့ ပိတ်ရပ်ထားတာကို တွေ့ရမှာပါ”
ယင်းနောက်ပိုင်း ဟော့ဖ်စတက်တာက ကောင်းကောင်းမွန်မွန်ဖြေရှင်းရန် မလိုတော့ဟု ဆုံးဖြတ်ကာ အိမ်ရှေ့ ပိတ်ရပ်ထားသောကားကို ဆွဲထုတ်မည်ဟု အိမ်နီးချင်းအား ပြောခဲ့သည်။
ထိုသို့ ပြောလိုက်ခြင်းမှာ အချိန်အတန်ကြာ အလုပ်ဖြစ်ခဲ့ကြောင်း ဟော့ဖ်စတက်တာက ပြောသည်။
သို့သော် မကြာမီတွင် ကားပိတ်ရပ် လာပြန်သည်။
“ကျွန်တော်သူ့ကားကို အိမ်ရှေ့ကနေ ဆွဲထုတ်တယ်။ ဒါပေမယ့် သူအိမ်ထဲကနေ ထွက်လာတာကို မြင်ရတဲ့အခါ ကျွန်တော်ရပ်နေလိုက်တယ်။”
“သူ့ကို စောင့်နေလိုက်ပြီး သူကားကို သူ့ရှေ့အထိ နောက်ဆုတ်မောင်းလိုက်တယ်။ သူ ကျွန်တော့်ကို မနက်တိုင်း လုပ်နေတဲ့ပုံစံအတိုင်း အကြိမ်ကြိမ် ရှေ့တိုးနောက်ဆုတ် လုပ်နေလိုက်တယ်”
“ကျွန်တော့်ကို နေ့တိုင်း ၂ မိနစ် အချိန်ပုပ်အောင်လုပ်ရင် သူ့ကိုလည်း ထပ်တူ ပြန်လုပ်မှာဖြစ်ပါတယ်”
“ပြီးတော့ နောက်တစ်ခု ပြောစရာရှိသေးတယ်။ သူ့အိမ်နောက်ဘက်မှာ ကားဂိုဒေါင်တစ်ခုရှိတာ ကျွန်တော် တွေ့မိပါတယ်”
ဟော့ဖ်စတက်တာ၏ ဗွီဒီယိုဖိုင်သည် အွန်လိုင်းတွင် ပြန့်နှံ့ခဲ့ပြီး ၎င်း၏ လုပ်ဆောင်ချက်အပေါ် ထောက်ခံသူ များစွာရှိသည်။
လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “ကျွန်တော်သာဆို ပထမဆုံး စပိတ်တဲ့နေ့ကတည်းက ကားကို ဆွဲထုတ်တယ်” ဟု မှတ်ချက်ပြုသည်။
အခြားတစ်ဦးကမူ “ကျွန်တော်တော့ အိမ်ရှေ့လာပိတ်တဲ့ အိမ်နီးချင်းရဲ့ကားကို မိုင် ၇၀ လောက် ဆွဲသွားပြီး ချထားလိုက်တယ်။ အဲ့နေ့က ကျွန်တော်လည်း အလုပ်နောက်ကျတယ်။ သူလည်း နောက်ဘယ်တော့မှ အိမ်ရှေ့လာမပိတ်တော့ဘူး”ဟု မှတ်ချက်ပြုသည်။
(အိမ်နီးချင်း ကားပိတ်ရပ်ထားပုံကို Google Maps တွင် တွေ့နိုင်ကြောင်း ဟော့ဖ်စတက်တာက ပြောသည်။ ဓာတ်ပုံ-thehofstetter)
(TikTok သုံးစွဲသူများက ဟော့ဖ်စတက်တာ၏ လုပ်ရပ်ကို ထောက်ခံကြသည်။ ဓာတ်ပုံ-thehofstetter)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: I tried to nicely end war with neighbour blocking my drive but he accused me of BRIBERY – so I made his parking a misery (thesun)
Photo Credit-thehofstetter