• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဒုတိယကမ္ဘာစစ်က ဗုံးကြဲလေယာဉ်ကြီးကို ဓာတ်ဆီဆိုင်အဖြစ် ပြောင်းလဲအသုံးပြုထားတဲ့ အမေရိကန်က ကမ္ဘာ့အထူးဆန်းဆုံး ဓာတ်ဆီဆိုင်

ဒုတိယကမ္ဘာစစ်က ဗုံးကြဲလေယာဉ်ကြီးကို ဓာတ်ဆီဆိုင်အဖြစ် ပြောင်းလဲအသုံးပြုထားတဲ့ အမေရိကန်က ကမ္ဘာ့အထူးဆန်းဆုံး ဓာတ်ဆီဆိုင်

  • 189 views


ဒုတိယကမ္ဘာစစ်ကြီးအတွင်း အသုံးပြုခဲ့သော B-17 ဗုံးကြဲလေယာဉ်ပျက်ကြီးကို ဓာတ်ဆီဆိုင်အဖြစ် ပြောင်းလဲထားမှုမှာ ကမ္ဘာ့အထူးဆန်းဆုံး ဓာတ်ဆီဆိုင်များတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ မယ်လ်ဝါးကီမြို့ရှိ ဓာတ်ဆီဆိုင်ပေါ်တွင် ဒုတိယကမ္ဘာစစ်သုံး လေယာဉ်ကြီး အုပ်မိုးနေမှုမှာ ဖြတ်သွားဖြတ်လာတို့အတွက် လွန်ခဲ့သော နှစ် ၇၀ အတွင်း ဆန်းပြားသော မြင်ကွင်းဖြစ်ခဲ့သည်။

 

 

(ဒုတိယကမ္ဘာစစ်သုံး B-17 ဗုံးကြဲလေယာဉ်ကြီးအုပ်မိုးနေသော ကမ္ဘာ့အထူးဆန်းဆုံး ဓာတ်ဆီဆိုင်။ ဓာတ်ပုံ-Alamy)

 

(ထူးဆန်းသော ဓာတ်ဆီဆိုင်၏ ပိုင်ရှင် Art Lacey နှင့် ဇနီးဖြစ်သူ Birdine)

 

(ဤဓာတ်ဆီဆိုင်မှာ ဒေသခံတို့နှင့် ကမ္ဘာလှည့်ခရီးသည်များအကြား ကျော်ကြားခဲ့ပြီး များစွာအောင်မြင်ခဲ့ရာ ပိုင်ရှင်ဖြစ်သူ Lacey က ဗုံးကြဲလေယာဉ် Theme စားသောက်ဆိုင်နှင့် မိုတယ်တစ်ခုပင် ထပ်မံဖြည့်စွက် ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ-Wikipedia)

 


ဓာတ်ဆီဆိုင်ပိုင်ရှင် Art Lacey က ၁၉၄၇ ခုနှစ်တွင် ဗုံးကြဲလေယာဉ်ပျက်ကြီးတစ်စင်းကို ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် ဓာတ်ဆီဆိုင်ပေါ်တွင် အုပ်မိုးထားရှိရန် ဆုံးဖြတ်ခဲ့သည်။

အမေရိကန်လေတပ်က အသုံးမပြုတော့သော Boeing-17 လေယာဉ်ဟောင်းတစ်စီးကို ဈေးသက်သာစွာဖြင့် ရောင်းချရန် စီစဉ်နေသည်ကို သိရချိန်တွင် Lacey က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Lacey က လေယာဉ်ကြီးကို ကွင်းတစ်ပတ် မြေပြင်တွင် စမ်းမောင်းကြည့်ရန် ကြိုးစားခဲ့ရာ မိုင်ဝက်ခန့် လမ်းချော် သွားပြီး ရပ်နားထားသော အခြား B-17 လေယာဉ်ဟောင်းတစ်စင်းကို ဝင်တိုက်မိခဲ့ကြောင်း ၁၉၆၇ ခုနှစ် အတွင်းက အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။

 

 

ထို့ကြောင့် Lacey က ဒုတိယလေယာဉ်ကြီးကို ပေါင် ၁၀၀၀ အောက်ဖြင့် ဝယ်ယူခဲ့သည်။

Lacey က လေယာဉ်ကြီးကို မိမိနေထိုင်ရာမြို့သို့ Portland မြို့မှ လူငယ်များ၏ အကူအညီဖြင့် သယ်ဆောင်ရန် ကြိုးစားခဲ့သည်။

သို့သော် ကြီးမားလှသော လေယာဉ်ကြီးကို နိုင်ငံတဝန်း လမ်းများပေါ်ဖြတ်သန်းကာ Milwaukie သို့ သယ်ဆောင်ရန် ခွင့်ပြုချက် မရရှိချေ။

ထို့ကြောင့် Lacey က လေယာဉ်ကြီးကို ၄ ပိုင်းပိုင်းကာ ထရပ်ကား ၄ စင်းဖြင့် သယ်ဆောင်ခဲ့သည်။

ထရပ်ကားများ၏ ဘေးတွင် ဆိုင်ကယ်သမားများက သက်တော်စောင့်သဖွယ် ဝန်းရံလိုက်ပါစေခဲ့သည်။

အကယ်၍ ရဲတပ်ဖွဲ့မှ တားဆီးပါက လေယာဉ်အစိတ်အပိုင်းများကို စွန့်ပစ်ထားခဲ့ကာ ထွက်ပြေးရန် Lacey က ယာဉ်မောင်းများကို ပြောထားသည်။

 

 

သို့သော် ကံကောင်းထောက်မစွာဖြင့် ထရပ်ကား ၄ စင်းမှာ တစ်ညအတွင်း လိုရာခရီးသို့ ရောက်ရှိခဲ့သည်။

လေယာဉ်အစိတ်အပိုင်းများကို ပြန်လည်ဆက်စပ်တပ်ဆင်ပြီးသောအခါ Lacey က 99E အဝေးပြေးလမ်းမကြီး ပေါ်ရှိ သူ၏ ဓာတ်ဆီဆိုင်ပေါ်တွင် ထားရှိလိုက်ရာ ဒေသခံများအကြား ဗုံးကြဲလေယာဉ် ဓာတ်ဆီဆိုင်မှာ နာမည်ကြီးသွားခဲ့သည်။

ဗုံးကြဲလေယာဉ်ဓာတ်ဆီဆိုင်ကြီးတွင် ဆီထည့်ခဲ့ကြောင်း ကြွားဝါရန်အတွက် ကားများ၊ ထရပ်ကားများနှင့် ဆိုင်ကယ်များ ရာပေါင်းများစွာ ရောက်ရှိလာကြသည်။

၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် Art Lacey ကွယ်လွန်သွားပြီးနောက် B-17 ဗုံးကြဲလေယာဉ်ကြီးမှာ ပျက်စီးယိုယွင်းကာ ငှက်များနှင့် အခြားတိရ စ္ဆာန်များ ခိုအောင်းရာနေရာ ဖြစ်လာခဲ့သည်။

ထိုအခြေအနေအတိုင်း ၁၄ နှစ်ခန့် ရှိနေခဲ့ပြီးနောက် လေယာဉ်ကို ဖြုတ်သိမ်းကာ ပြတိုက်တစ်ခုဆီသို့ ရွှေ့ပြောင်းခဲ့သည်။

လက်ရှိအချိန်တွင် ထိုလေယာဉ်ကြီးကို ပြန်လည်မွမ်းမံပြုပြင်နေဆဲ အခြေအနေတွင် ရှိသည်။

B-17 ဗုံးကြဲလေယာဉ်များမှာ အစင်းရေ ၁၂၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး အစင်းရေ ၄၇၀၀ ကျော်မှာ စစ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: How £10k ex-WWII B-17 bomber was transformed into ‘world’s weirdest petrol station’ after it broke down mid-flight (Thesun)

Photo Credit-Alamy, wikipedia