- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျဝါဟလာနေရူး၊ သမိုင်းဝင်ကုတ်အင်္ကျီတစ်ထည်နှင့် နေရူးစီးသော မော်တော်ကား
ဂျဝါဟလာနေရူး၊ သမိုင်းဝင်ကုတ်အင်္ကျီတစ်ထည်နှင့် နေရူးစီးသော မော်တော်ကား
- 516 views
ဂျဝါဟလာ နေရူး (မွေး ၁၈၈၉- ကွယ်လွန် ၁၉၆၄) သည် ၂၀ ရာစု အလယ်ပိုင်းအိန္ဒိယသမိုင်းတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသောအခါ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
နေရူးသည် ကမ္ဘာ့အတိုင်းအတာ အထင်ကရ စာရေးဆရာတစ်ဦးလည်း ဖြစ်ပြီး အကျဉ်းထောင်ထဲတွင် ရေးသားခဲ့သော Letters from a Father to His Daughter (၁၉၂၉) ၊ An autobiography (၁၉၃၆) နှင့် The Discovery of India (၁၉၄၆) တို့မှာ ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော်သည်။
အများက နေရူးအား ဂုဏ်ပြုသောအားဖြင့် သူ၏ အမည်ရှေ့တွင် ပန်ဒစ် (ပဏ္ဍိတ) ဟူသောအမည်ကို ထည့်သွင်းကာ ပန်ဒစ်နေရူးဟု ခေါ်ဝေါ်ကြလေ့ရှိသည်။
(မြန်မာဘာသာသို့ ပြန်ဆိုထားမှုများ)
နေရူး၏ Letters from a Father to His Daughter စာအုပ်ကို ဆရာပါရဂူက ‘ချစ်သမီးထံသို့’ ၊ The Discovery of India ကို ဆရာဘိုးလှိုင်က ‘အိန္ဒိယကို တွေ့ရှိခြင်း’ (ဆရာဘဝင်းနှင့် ဆရာသန်းစိုးနိုင်တို့လည်း ပြန်ဆိုဖူး) (ဆရာဘိုးလှိုင်သည် အဆိုပါစာအုပ်ဖြင့် ၂၀၀၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့သည်)၊ Glimpses of World History ကို ဆရာပါရဂူက ‘ကမ္ဘာ့အကြောင်း တစေ့တစောင်း’ (ဆရာဘိုးလှိုင်က လျှပ်တပြက် ကမ္ဘာ့သမိုင်း၊ ဆရာကျော်သက်ဟန်က ဖျတ်ခနဲ မြင်ရသော ကမ္ဘာ့သမိုင်းဟု ပြန်ဆိုထားကြသေးသည်) ဟု အသီးသီး မြန်မာဘာသာသို့ ပြန်ဆိုထားသည်။
(ဗိုလ်ချုပ်အောင်ဆန်းသို့ ပေးခဲ့သည့် ကုတ်အင်္ကျီတစ်ထည်)
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ် ကလီမန့် အက်တလီက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ရည်ရွယ်ကြောင်း အောက်လွှတ်တော်ကို အသိပေးခဲ့သည်။
ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိန်ဝန်ကြီးချုပ် ကလီမန့် အက်တလီနှင့် မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဗြိတိန်သို့ သွားရောက်သော ခရီးစဉ်တွင် အိန္ဒိယသို့ ဝင်ခဲ့ရာ ဒေလီမြို့တွင် နေရူးနှင့် တွေ့ဆုံခဲ့၏။
နေရူးက ဗိုလ်ချုပ်အောင်ဆန်းဝတ်စားထားပုံကို ကြည့်ကာ လန်ဒန်၏ အအေးဒဏ်နှင့် မသင့်တော်ကြောင်း သုံးသပ်မိသည်။
ထိုနှစ်က လန်ဒန်သည် သမိုင်းတလျှောက်အပြင်းထန်ဆုံး အအေးဓာတ်နှင့် ရင်ဆိုင်နေရချိန် ဖြစ်သည်။
နေရူးက ဗိုလ်ချုပ်အောင်ဆန်းအား ကုတ်အင်္ကျီကြီးတစ်ထည်အပြင် ပိတ်စအထူသားဖြင့် ချုပ်ထားသော ယူနီဖောင်းသစ် ၂ စုံကိုလည်း ပေးခဲ့သည်ဟု ဆိုသည်။
ထိုနှစ်က လန်ဒန်မြို့၏ အပူချိန်မှာ အနှုတ် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းခဲ့သည်။
နေရူးသည် မြန်မာပြည်၏ မိတ်ဆွေကြီးဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်မှသည် သူကွယ်လွန်ချိန် ၁၉၆၄ ခုနှစ်အထိ မြန်မာပြည်သို့ အကြိမ်ကြိမ်လာရောက်လည်ပတ်ခဲ့ဖူးသည်။
(နေရူး ကွယ်လွန်ခြင်း)
၁၉၆၂ ခုနှစ်မှစတင်ပြီး နေရူးကျန်းမာရေးချို့တဲ့လာသည်။ ၁၉၆၂ နွေဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဧပြီလတွင် အိပ်ယာထဲတွင်သာ နေရတော့သည်။
၁၉၆၄ ခုနှစ်၊ မေလ ၂၆ ရက်တွင် ဟိမဝန္တာတောင်ခြေရှိ ဥတရာခန်ပြည်နယ်၏မြို့တော်၊ ဒေဟရ ဒွန်မြို့မှ ပြန်လာပြီးနောက် အလွန်နေရထိုင်ရမကောင်းဖြစ်မှု ခံစားခဲ့ရပြီး ထိုည ၁၁း၃၀ အချိန်တွင် ပုံမှန်အတိုင်း အိပ်ယာဝင်သွားခဲ့သည်။
ထိုညက နှစ်ခြိုက်စွာအိပ်မောကျခဲ့ပြီး မနက် ၆း၃၀ တွင် အိပ်ယာနိုးလာသည်။
ယင်းနောက် ရေချိုးခန်းမှ ပြန်လာချိန်တွင် နေရူးမှာ ရုတ်တရက်ကျောအောင့်မှု ခံစားလိုက်ရ၏။
(Photo Credit: John F. Kennedy )
သူ၏ဆရာဝန်များကို ပြောပြပြီးနောက် ရုတ်တရက်လဲကျသွားခဲ့သည်။
ယင်းနောက်ပိုင်း သတိပြန်လည်မလာတော့ဘဲ နေ့လည် ၁း၄၄ တွင် ကွယ်လွန်သွားခဲ့သည်။
သေဆုံးရမှု အကြောင်းရင်းမှာ နှလုံးဖောက်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
မေလ ၂၈ ရက်တွင် ဟိန္ဒူဓလေ့ထုံးတမ်းအတိုင်း ယမုံနာမြစ်ကမ်းဘေးတွင် မီးသဂြိုဟ်ခဲ့ရာ နေရူးကို လွမ်းဆွတ်ဂါရဝပေးလိုသူပေါင်း ၁ ဒသမ ၅ သန်းမှာ မီးသဂြိုဟ်ရာနေရာနှင့် ဒေလီမြို့လမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။
(ယနေ့တိုင် ကောင်းမွန်နေဆဲဖြစ်သော နေရူးစီးခဲ့သည့် မော်တော်ကား)
နေရူးနှင့် အခြား လွတ်လပ်ရေးတိုက်ပွဲဝင်သူများ စီးခဲ့သော အိန္ဒိယနိုင်ငံ လွတ်လပ်ရေးမရမီကာလက ထုတ်လုပ်ခဲ့သည့် ကားမှာ ယနေ့တိုင် အံ့အားသင့်ဖွယ် ကောင်းမွန်နေဆဲဖြစ်သည်။
နေရူးစီးခဲ့သောကားမှာ ၁၉၃၉ ခုနှစ်ထုတ် Chevrolet Master Deluxe ဖြစ်ပြီး ယခုအခါ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှ အမျိုးသားတစ်ဦး ပိုင်ဆိုင်ထားသည်။
လက်ရှိ ပိုင်ဆိုင်ထားသူအမည်မှာ မစ္စတာ တီကေ ရာဂျက်ရှ် (TK Rajesh) ဖြစ်သည်။
(နေရူးစီးခဲ့သည့် မော်တော်ကား)
ရာဂျက်ရှ်က ပြောသည်မှာ Chevrolet Master Deluxe သည် ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းရှိသည့်ကား ဖြစ်သောကြောင့် ဝယ်ယူလိုကြောင်း ကမ်းလှမ်းသူ များစွာရှိသော်လည်း မရောင်းဘဲ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောသည်။
ရာဂျက်ရှ်၏ ကားဂိုဒေါင်တွင် တန်ဖိုးရှိသည့်ကားများစွာ စုဆောင်းထားသည့်အနက် နေရူး၏ကားလည်း အပါအဝင် ဖြစ်သည်။
(နေရူး၏ မော်တော်ကားကို လက်ရှိပိုင်ရှင်က မောင်းနှင်ပြထားသည့် ဗွီဒီယိုကို YouTube တွင် ကြည့်ရှုနိုင်ပါသည်။
https://youtu.be/Nk9LM3j4Q_k )
“ဒီကားက ကောင်းကောင်းမောင်းလို့ ရတုန်းပါ။ ဒါပေမယ့် လောင်စာဆီ အလေအလွင့်မရှိဘဲ ထိရောက်မှုမျိုး တော့ မရှိတော့ပါဘူး” ဟု ရာဂျက်ရှ်က Manorama News သတင်းဌာနသို့ ပြောသည်။
နေရူးသည် ကီရာလာပြည်နယ်ရှိ မလမ်ပူဇာဆည်သို့ အလည်အပတ်လာရောက်ခဲ့စဉ်ကလည်း ဤကားဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။
ကားကိုယ်ထည်မှာ အဝါရောင်ဖြစ်ပြီး အဖြူ၊ အနီရောင်တို့ ရောယှက်ထားသော တာယာများတပ်ဆင်ထားကာ ရှေ့ခန်း တံခါးဘောင်နှင့် ကိုယ်ထည်တစ်လျှောက် အနီစင်းလိုင်းတစ်ခုရှိသည်။
ကားပေါ်တက်ရ လွယ်ကူစေရန် တံခါး ၂ ဘက်လုံးတွင် ခြေနင်းခုံနှင့် ကြီးမားကျယ်ပြန့်သော ရွှံ့ကာများ တင်ဆင်ထားသည်။
(နေရူးစီးခဲ့သည့် မော်တော်ကား Photo Credit: Manorama News)
လက်ရှိကားနံပါတ်ပြားတွင် MDU 907 ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ဒက်ရှ်ဘုတ်မှာမူ သံတမန်အဆင့်အတွက်ပင်လျှင် သေးငယ်လှကာ မည်ကာမတ္တမျှဖြစ်နေသော်လည်း နောက်ခန်းခြေချရန်နေရာ ကျယ်ကျယ်ဝန်းဝန်းရှိကာ ထိုင်ခုံများမှာ အနီရောင်သားရေခုံများ ဖြစ်သည်။
Chevrolet Master Deluxe ကို အမျိုးအစားသတ်မှတ်မှုတွင် တံခါး ၄ ပေါက်ပါ sedan ကားအဖြစ် ဖော်ပြသော်လည်း တံခါး ၂ ပေါက် မော်ဒယ်များနှင့် စတေရှင်ဝက်ဂွန်း မျိုးခွဲများလည်း ထုတ်လုပ်သည်။
6 cylinder ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၈၅ အား ထုတ်လုပ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Pre-independence car that carried Jawaharlal Nehru, freedom fighters ‘still runs’. Watch here (livemint)