သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ City Taxi ယာဉ်တွေကိုအရေးယူနေပြီ

  • 236 views

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပိုင်းထဲက ထုတ်ပြန်ထားတဲ့ Taxi Board ၊ ဘေးစတေကာအဝါရောင် ၊ City Taxi ၊ အချက်ပြမီး ၊ နံပါတ်ပြားအနီ ၊ ဝှီးတက် ၊ လုပ်ငန်းလိုင်စင် အပိုင်း (၁) ၊ (၂) ၊ ရန်ကုန်စီးတီးတက္ကစီအသင်း logo စတဲ့အချက်လက်တွေပါရှိရမယ်လို့ ထုတ်ပြန်ထားပြီး ပညာပေးကာလကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ သတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီကနေ အသိပေးထားခဲ့ပါတယ်။

အခုအခါ ပညာပေးကာလ ပြီးဆုံးပြီဖြစ်လို့ အရေးယူမှုတွေ စတင်နေပြီဖြစ်တယ်လို့ ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ အငှား Taxi ယာဉ်မောင်းတွေက ပြောပါတယ်။ ရန်ကုန်မြို့မှာပြေးစွဲပေးနေတဲ့ City Taxi ယာဉ်တွေရဲ့ Taxi Board များဟာ အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးမျိုး ကွဲပြားနေတဲ့အတွက် မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်ရေး၊ သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီဖြစ်ဖို့ တပြေးညီ တပ်ဆင်ပြေးဆွဲပေးရမှာဖြစ်တယ်လို့ ယင်းကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေအားလုံး နိုဝင်ဘာလ(၁) ရက်နေ့ကနေ စတင်ပြီး မော်တော်ယာဉ်ရဲ့ဘေးနှစ်ဘက်မှာ အဝါရောင်စတေကာတွေ တပ်ဆင်ရမှာဖြစ်တယ်လို့ အဆိုပါကော်မတီက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုအဝါရောင် စတေကာတပ်ဆင်ရခြင်းဟာ City Taxi ယာဉ်တွေနဲ့ တခြားယာဉ်တွေ ကွဲပြားစေဖို့ ရည်ရွယ်တယ်လို့လည်း ယင်းကော်မတီကနေ သိရပါတယ်။

ရန်ကုန်မှာပြေးဆွဲနေတဲ့ Taxi ယာဉ်တွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေကို မလိုက်နာရင် ပညာပေးကာလပြီးဆုံးပါက ပြေးဆွဲခွင့်ပိတ်တဲ့အထိ အရေးယူမယ်လို့လည်း (YRTC) က ဆိုထားပါတယ်။ မလိုက်နာတဲ့ Taxi ယာဉ်မောင်းတွေကို ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၉၆) အရ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားခဲ့ပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com