- ပင်မစာမျက်နှာ
- ကားသတင်းများ
- အီသီယိုးပီးယားမှာ လောင်စာဆီသုံးကားများ တင်သွင်းခွင့် ပိတ်ပင်မည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာ၊ EV များသာ တင်သွင်းခွင့်ပြုမည်ဟုဆို
အီသီယိုးပီးယားမှာ လောင်စာဆီသုံးကားများ တင်သွင်းခွင့် ပိတ်ပင်မည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာ၊ EV များသာ တင်သွင်းခွင့်ပြုမည်ဟုဆို
- 173 views
အီသီယိုးပီးယားနိုင်ငံသည် လျှပ်စစ်ကားများသာ တင်သွင်းခွင့်ပြုမည်ဟု ဆုံးဖြတ်လိုက်သည်။
အဆိုပါဆောင်ရွက်မှုမှာ ရေရှည်တည်တံ့နိုင်သော သယ်ယူပို့ဆောင်ရေးစနစ်ဆီသို့ ကြီးမားသည့် ခြေလှမ်းလည်း ဖြစ်သည်။
ထို့အပြင် ဥရောပသမဂ္ဂက ၂၀၃၅ ခုနှစ်သို့ ရောက်လျှင် internal combustion engine (လောင်စာဆီသုံး ကားများ) တင်သွင်းခွင့် ပိတ်ပင်မည့် ခြေလှမ်းထက်ပင် ရှေ့ရောက်နေသည်။
ယခင်က ဆင်းရဲသောနိုင်ငံများသည် အခြားနိုင်ငံများဆီမှ တပတ်ရစ်ကားများ စွန့်ပစ်ရာနေရာသဖွယ် ဖြစ်ခဲ့သော်လည်း ငတ်မွတ်ခေါင်းပါးမှုဖြင့် တချိန်က ကမ္ဘာကျော်ခဲ့သော အီသီယိုးပီးယားမှာ ယခုအခါ လျှပ်စစ်ကားမဟုတ်သည့် ကားအားလုံး တင်သွင်းခွင့် ပိတ်ပင်မည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာသည်။
ဥရောပသမဂ္ဂက ၂၀၃၅ ခုနှစ်သို့ရောက်လျှင် ICE ကားများ ဥရောပတွင် ရောင်းချမှု ပိတ်ပင်မည့် ဥပဒေကို ထုတ်ပြန်ထားပြီး အီသီယိုးပီးယားမှာ ဥရောပသမဂ္ဂထက်ပင် ၁၀ နှစ်ခန့် ရှေ့ရောက်နေသည်။
“လျှပ်စစ်ကားမဟုတ်ရင် အီသီယိုးပီးယားထဲကို တင်သွင်းခွင့်မပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်” (အီသီယိုးပီးယား ပို့ဆောင်ရေးဝန်ကြီး Alemu Sime)
ပြီးခဲ့သောနှစ်အတွင်း လောင်စာဆီ ကန်ဒေါ်လာ ၆ ဘီလီယံဖိုးခန့် တင်သွင်းခဲ့ရပြီးနောက်ပိုင်း အီသီယိုးပီးယား ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနက လျှပ်စစ်ကားများသာ တင်သွင်းခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ပို့ဆောင်ရေးဝန်ကြီး Alemu Sime က ပြောသည်မှာ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း၏ အကြောင်းရင်းများ အနက်တစ်ခုမှာ တိုင်းပြည်တွင် နိုင်ငံခြားငွေမရှိသောကြောင့်ဖြစ်ကြောင်း ပြောသည်။
စီးပွားရေးအခြေအနေများကြောင့် ဓာတ်ဆီနှင့် ဒီဇယ်များ တင်သွင်းရန် ခက်ခဲလာသည်။
“အီသီယိုးပီးယားမှာ နိုင်ငံခြားငွေ အကန့်အသတ်သာ ရှိတာကြောင့် ဓာတ်ဆီ မတင်သွင်းနိုင်တာဟာ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေထဲမှာ ပါပါတယ်” ဟု ပို့ဆောင်ရေးဝန်ကြီးက ပြောသည်။
အီသီယိုးပီးယားသည် မကြာသေးမီနှစ်များအတွင်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
အီသီယိုးပီးယားတွင် ဆောက်လုပ်လျက်ရှိသော အာဖရိကတိုက်၏ အကြီးမားဆုံး ရေအားလျှပ်စစ်စက်ရုံကို မကြာမီဖွင့်လှစ်တော့မည် ဖြစ်သည်။
အဆိုပါ စက်ရုံကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၀ ရက်က တာဘိုင် ၂ လုံး စတင်လည်ပတ်ကာ တစိတ်တပိုင်း ဖွင့်လှစ်ခဲ့ရာ လျှပ်စစ်ဓာတ်အား ၇၅၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသည်။
ထိုရေအားလျှပ်စစ်စက်ရုံကို ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် ဆောက်လုပ်ထားသော်လည်း ထိုပမာဏအပြည့် ထုတ်လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကျွမ်းကျင်ပညာရှင်တို့၏ ခန့်မှန်းချက်အရ မဂ္ဂါဝပ် ၃၀၀၀ ဝန်းကျင်ခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
အခြားစိန်ခေါ်မှုများမှာ လျှပ်စစ်ကား အားသွင်းစခန်းများ တိုးတက်လာရေးနှင့် တိုင်းပြည်၏ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ယုံကြည်စိတ်ချရမှုရှိရေးတို့ ဖြစ်သည်။
လျှပ်စစ်ကားများသာ တင်သွင်းခွင့်ပေးမည့် ဆုံးဖြတ်ချက်မှာ မည်သည့်အချိန်တွင် စတင်အသက်ဝင်မည်ကိုမူ မသိရသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ethiopia becomes first country to ban internal combustion engines: Only EVs allowed (notebookcheck)
Photo Credit: (Image: Unsplash / Kaleab, edited)