- ပင်မစာမျက်နှာ
- ကားသတင်းများ
- လာမည့် ၂၀၂၅ ခုနှစ်တွင် ဒူဘိုင်း၏ မိုးကောင်းကင်၌ ခရီးသည် ၄ ဦး လိုက်ပါနိုင်ကာ တစ်နာရီလျှင် ၁၉၈ မိုင်နှုန်း မောင်းနှင်နိုင်မည့် မိုးပျံတက္ကစီများ ပျံသန်းတော့မည်
လာမည့် ၂၀၂၅ ခုနှစ်တွင် ဒူဘိုင်း၏ မိုးကောင်းကင်၌ ခရီးသည် ၄ ဦး လိုက်ပါနိုင်ကာ တစ်နာရီလျှင် ၁၉၈ မိုင်နှုန်း မောင်းနှင်နိုင်မည့် မိုးပျံတက္ကစီများ ပျံသန်းတော့မည်
- 286 views
မိုးကောင်းကင်ဆီတွင် ခေတ်သစ်မိုးပျံတက္ကစီတို့ မြင့်မားသော အမြန်နှုန်းဖြင့် ဥဒဟိုသွားလာနေသည့် အိပ်မက်မှာ အမှန်တကယ်ဖြစ်လာတော့မည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားအခြေစိုက် Joby Aviation ကုမ္ပဏီက ၂၀၂၅ ခုနှစ်တွင် မိုးပျံတက္ကစီများ ပြေးဆွဲပျံသန်းရန် ဒူဘိုင်းနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည်။
(ကယ်လီဖိုးနီးယားပြည်နယ် ၊ Marina မြို့ရှိ Joby ၏ လေယာဉ်စမ်းသပ်မောင်းနှင်မှု အဆောက်အအုံဝန်းတွင် မိုးပျံကားနမူနာတစ်စင်း တွေ့ရပုံ။ ဓာတ်ပုံ-AP)
မိုးပျံတက္ကစီ စီးမည့်ခရီးသည်တို့သည် မိမိတို့သွားလိုသောခရီးကို ဖုန်း Application တစ်ခုမှတဆင့် Booking တင်ကာ Vertiport များတွင် စောင့်ဆိုင်းကြရမည် ဖြစ်သည်။
Vertiport များမှာ ယနေ့ခေတ်လေဆိပ်များနှင့် အလားတူသည်။
ဒေါင်လိုက်ပျံတက် သက်ဆင်း(VTOL) တစ်စင်းတွင် ခရီးသည် ၄ ဦးနှင့် လေယာဉ်မှူးတစ်ဦး လိုက်ပါနိုင်မည်ဟု ဆိုသည်။
တစ်နာရီလျှင် ၁၉၈ မိုင် အမြန်နှုန်းဖြင့် မိမိတို့ သွားလိုသောခရီးကို သွားရောက်ကြရင်း ဒူဘိုင်း၏ အံ့မခန်း ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
Joby Aviation ၏ ထုတ်ပြန်ချက်အရ ဤလျှပ်စစ်မိုးပျံတက္ကစီဖြင့် သွားမည်ဆိုလျှင် ဒူဘိုင်းလေဆိပ်မှ သစ်ပင်ပုံ Palm Jumeirah ကျွန်းသို့ ၁၀ မိနစ်ခန့်ဖြင့် ရောက်နိုင်သည်ဟု ဆိုသည်။
ကားဖြင့်သွားလျှင် ထိုခရီးမှာ ၄၅ မိနစ်ကြာမြင့်သည်။
၂၀၂၆ ခုနှစ်အစောပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၌ မိုးပျံတက္ကစီ ပြေးဆွဲမှုများ ဆောင်ရွက်ရန် Joby က ဒူဘိုင်းလမ်းနှင့် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။
အဆိုပါ စာချုပ်အရ Joby သည် ဒူဘိုင်းတွင် ၆ နှစ်တာ မိုးပျံတက္ကစီများ ပြေးဆွဲရန် တစ်ဦးတည်း သီးသန့် အခွင့်အရေး ရရှိထားသည်။
Joby Aviation ၏ တည်ထောင်သူ ၊ စီအီးအို JoeBen Bevirt က ပြောသည်မှာ ရေရှည်တည်တံ့သော လေကြောင်းခရီးသွားလာမှုတန်ဖိုးကို ကမ္ဘာကြီးအား ပြသရန် ဒူဘိုင်းအစိုးရနှင့် လက်တွဲဆောင်ရွက်ရမှုမှာ ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ဒူဘိုင်းမှာ နေထိုင်သူတွေနဲ့ လာရောက်လည်ပတ်သူတွေကို အံ့မခန်းအတွေ့အကြုံတွေ ဆောင်ကြဉ်းပေးဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အာရပ်စော်ဘွားများ ပြည်ထောင်စု တစ်ခုလုံးအထိ ဖြန့်ကျက်နိုင်ဖို့ အခြေခံအုတ်မြစ်ချနိုင်တဲ့အပေါ် စိတ်လှုပ်ရှားမိပါတယ်။”
အဆိုပါ မိုးပျံယာဉ်သည် မြေပြင်ပေါ်တွင် အရှိန်ရအောင် မောင်းနှင်ပြီးမှ ပျံတက်သော ယာဉ်မျိုးမဟုတ်ဘဲ ဒေါင်လိုက် ပျံတက်သောယာဉ် ဖြစ်သည်။
လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုထားရာ အဆိပ်အတောက်ဖြစ်စေသော ညစ်ညမ်းသည့်အရာများ ထုတ်လွှတ် ခြင်း မရှိချေ။
လျှပ်စစ်မော်တာ ၆ လုံးကို အသုံးပြုထားရာ ပုံမှန်လေယာဉ်စီးခြင်းမျိုးထက် ငြိမ်သက်ကြောင်း၊ SUV ဖြင့် သွားလာခြင်းမျိုးနှင့် အလားတူကြောင်း Joby က ထုတ်ပြန်သည်။
သို့သော် လျှပ်စစ်ယာဉ်ဖြစ်ရာ ခရီးတိုသာ သွားလာနိုင်မည်ဖြစ်ပြီး မိုင် ၁၀၀ မောင်းနှင်ပြီးလျှင် အားကုန်သွား မည် ဖြစ်သည်။
(နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်တွင် Joby ၏ လျှပ်စစ်မိုးပျံတက္ကစီတစ်စင်းကို တွေ့ရပုံ။ ဓာတ်ပုံ-Reuters)
(လျှပ်စစ်မော်တာ ၆ လုံးကို အသုံးပြုထားရာ ပုံမှန်လေယာဉ်စီးခြင်းမျိုးထက် ငြိမ်သက်ကြောင်း၊ SUV ဖြင့် သွားလာခြင်းမျိုးနှင့် အလားတူကြောင်း Joby က ထုတ်ပြန်သည်။ ဓာတ်ပုံ-Reuters)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Flying CARS will hit skies next year as holiday hotspot signs huge deal with 198mph airborne taxi firm (thesun)
Photo Credit: Reuters