• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD က Ford ကုမ္ပဏီ၏ လောင်စာဆီသုံး ကားစက်ရုံကို EV စက်ရုံအဖြစ် ပြောင်းလဲကာ တစ်နှစ်လျှင် EV စင်းရေ ၁၅၀၀၀၀ ထုတ်လုပ်ရန် ရည်မှန်း

BYD က Ford ကုမ္ပဏီ၏ လောင်စာဆီသုံး ကားစက်ရုံကို EV စက်ရုံအဖြစ် ပြောင်းလဲကာ တစ်နှစ်လျှင် EV စင်းရေ ၁၅၀၀၀၀ ထုတ်လုပ်ရန် ရည်မှန်း

  • 111 views


တရုတ်ထိပ်သီး လျှပ်စစ်ကားကုမ္ပဏီကြီး BYD သည် ဘရာဇီးနိုင်ငံရှိ အမေရိကန်ကားကုမ္ပဏီကြီး ဖို့ဒ် (Ford) ၏ ကားစက်ရုံဟောင်းကို လျှပ်စစ်ကား (EV) စက်ရုံအဖြစ် ပြောင်းလဲရန် စီစဉ်နေသည်။

အဆိုပါ လောင်စာဆီသုံးကား ထုတ်လုပ်ရေးစက်ရုံသည် BYD ၏ အာရှပြင်ပ ပထမဆုံး EV စက်ရုံ ဖြစ်လာမည်ဖြစ်သည်။

ဘရာဇီးတွင် BYD ၏ EV စက်ရုံတည်ထောင်မည့်သတင်းကို ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားက Elon Musk ၏ X လူမှုကွန်ရက်မှတဆင့် ကြေညာခဲ့ခြင်း ဖြစ်သည်။

BYD က ဘရာဇီးရှိ အဆိုပါ စက်ရုံအတွက် ကန်ဒေါ်လာ ၆၀၈ သန်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

ဖို့ဒ်ကုမ္ပဏီ၏ စက်ရုံကို ပြောင်းလဲမည့် ယခုစက်ရုံနေရာမှာ ဘရာဇီးနိုင်ငံ ၊ Bahia ပြည်နယ် ၊ Camacari မြို့တွင် တည်ရှိသည်။

အဆိုပါစက်ရုံတည်ထောင်မှုကြောင့် ဒေသတွင်းတွင် အလုပ်အကိုင်နေရာပေါင်း ၁၀၀၀၀ ဖော်ဆောင်ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

BYD က အဆိုပါ စက်ရုံကို အသွင်ပြောင်းလဲရေးအတွက် အချိန်ဆွဲနေခြင်း မရှိချေ။

စက်ရုံချဲ့ထွင်မှုနှင့် ခေတ်မီအဆင့်မြှင့်တင်မှုတို့ကို ဖေဖော်ဝါရီလအတွင်း စတင်မည် ဖြစ်သည်။

BYD ၏ ဘရာဇီးဌာနခွဲ အကြီးအကဲ Tyler Li က ပြောသည်မှာ ယခုစက်ရုံမှတဆင့် တစ်နှစ်လျှင် လျှပ်စစ်ကား အစင်းရေ ၁၅၀,၀၀၀ ထုတ်လုပ်သွားမည်ဟု ဆိုသည်။

ဇန်နဝါရီလအစောပိုင်းက BYD သည် ဘရာဇီးမှ Supplier ဖြစ်သော Sigma Lithium နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Financial Times ၏ ဖော်ပြချက်အရ BYD နှင့် Sigma Lithium တို့သည် သွင်းအားစုများ ထောက်ပံ့မှု သဘောတူညီချက် ၊ ဖက်စပ်လုပ်ကိုင်မှု (သို့မဟုတ်) အဆိုပါကုမ္ပဏီအား ဝယ်ယူရေးအတွက် ဆွေးနွေးခဲ့ကြ ကြောင်း ဖော်ပြသည်။

BYD သည် ဘရာဇီးတွင် Lithium ထုတ်လုပ်ရေးကဏ္ဍအတွက် ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေသည်။

BYD ၏ ဒေသတွင်း လီသီယမ် ထုတ်လုပ်သူတို့နှင့် ညှိုနှိုင်းနေသော ဆွေးနွေးမှုမှာ ဘရာဇီးတွင် Supply Chain တည်ထောင်ရန် ဆောင်ရွက်နေပြီဖြစ်သည်ကို ပြသနေသည်။

BYD ၏ မဟာဗျူဟာမှာ Tesla ၏ အမေရိကန်ပြင်ပ Gigafactory စက်ရုံများနှင့် တူညီနေသည်။

BYD က Smart Car နည်းပညာ နယ်ပယ်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုလည်း ကြေညာထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  BYD to convert former Ford plant into EV facility (teslarati)

 Photo Credit:  (teslarati)