ထွန်းကိုကိုကတော့ ကားကြီးကြီးစီးဖို့ ကြိုးစားနေပြီတဲ့

  • 316 views


“မုသားဖြင့်စီရင်အပ်သော” ၊ “သို့ချစ်ရပါသော” ရုပ်သံဇာတ်လမ်းတွဲတွေကတော့ သရုပ်ဆောင်ထွန်းကိုကိုအတွက် ပရိသတ်က လတ်တလောအသိအမှတ်ပြုသွားတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။

သူကသရုပ်ဆောင်လုပ်တဲ့အပြင် Facebook စာမျက်နှာပေါ်မှာလည်း “သွားမယ်၊စားမယ်” ဆိုတဲ့ Vlog လေးတွေကို ရိုက်ကူးတင်ဆက်နေတဲ့သူ ဖြစ်တဲ့အတွက် ခရီးသွားလာရတာကတော့ သူရဲ့ တစ်စိတ်တစ်ဒေသ အခန်းကဏ္ဍတစ်ခုလို ဖြစ်နေပါပြီ။ ဒီတော့ သူအတွက်လိုအပ်နေတာကတော့ ကားကြီးကြီးတစ်စီးပါပဲ။

 

 

ဒါကြောင့် ကားနဲ့ပတ်သက်ပြီး သူက “ကားထဲမှာဆိုရင်လည်း ကားကျယ်ကျယ်ကြီးကြီးကို ကြိုက်တယ်။ သဘောကျပါတယ်။ လက်ရှိ ကိုယ်စီးနေတဲ့ကားကသေးလို့ သိပ်သဘောမကျတော့ဘူး ဖြစ်နေတာ။ ပြန်လဲစီးဖို့တော့ စိတ်ကူးထားပါတယ်။ ကားကြီးကြီး ပြန်လဲဖို့လည်း ကြိုးစားနေပါတယ်ပေါ့။ အခုလက်ရှိမှာ ကားဈေးကလည်း မငြိမ်ဘူးဆိုတော့ လောလောဆယ် ကိုယ်စီးချင်တဲ့ပုံစံမျိုးနဲ့ စီးနေရတဲ့ ပုံစံမျိုးကတော့ မကိုက်ညီသေးဘူးပေါ့နော်။” လို့ CarsDB ကို ပြောပါတယ်။

 

 

ဆက်လက်ပြီး လျှပ်စစ်သုံးကားတွေနဲ့ ပတ်သက်ပြီး သူရဲ့အမြင်ကိုတော့ “EV ကားတွေတော့ သိပ်သဘောမကျဘူး။ မစီးဘူးသေးတော့ သိပ်မကြိုက်သေးတာပေါ့နော်။ ဈေးကလည်း နည်းနည်းကြီးတယ်။ နောက်တစ်ခုက ကိုယ်ကခရီးသွားတာ ပိုများတဲ့သူဆိုတော့ ကိုယ်နဲ့ မကိုက်ဘူးလို့ ထင်တာပေါ့နော်” လို့ အခုလို ပြောပြထားပါတယ်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

 
Photo Credit:  Tun Ko Ko (Fb)