စက်သုံးဆီဈေး အတက်အကျမြန်ဆန်မှုကြောင့် ဆန်စက်လုပ်ငန်းရှင်တချို့ အခက်တွေ့နေ

  • 99 views

စက်သုံးဆီဈေးအတက်အကျ မတည်ငြိမ်မှုနဲ့ ရက်ပိုင်းအတွင်းဈေးအတက်အကျ မြန်ဆန်တာကြောင့် ဆန်စက်လုပ်ငန်းနဲ့ပတ်သက်နေတဲ့ ဆန်သယ်ယူပို့ဆောင်ရေးနဲ့ ဆန်စက်လုပ်ငန်းတွေလည်ပတ်တဲ့နေရာမှာ အခက်အခဲရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ စက်သုံးဆီဈေးတွေ တည်ငြိမ်တာမရှိဘဲ ရက်ပိုင်းအတွင်းမှာပဲ ငွေကျပ်(၉၀) နီးပါး မြင့်တက်ခဲ့တာဖြစ်ပါတယ်။

အရင်ကစက်သုံးဆီဈေးတွေဟာ အတက်အကျရှိပေမယ့် ဈေးနှုန်းအကြီးကြီးမားမား ပြောင်းလဲမှုမရှိလို့ မသိသာပေမယ့် အခုနှစ်ဆန်းပိုင်းမှာတော့ ရက်ပိုင်းအတွင်းကျဆင်းတာတွေရှိသလို ချက်ချင်းဈေးပြန်တက်တာကြောင့် ဆန်စက်လုပ်ငန်းရှင်တွေ အခက်တွေ့နေတယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ စက်သုံးဆီအခက်အခဲကို ဆန်စက်တွေမှာလည်း ရင်ဆိုင်နေရပြီး လျှပ်စစ်မီးမမှန်တာကြောင့် ဒီဇယ်နဲ့ စပါးခွံလောင်စာအသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်လာလို့ ဆန်စက်လုပ်ငန်းတော်တော်များများ စက်သုံးဆီကို အားထားနေရတာ ဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့လပိုင်းက လယ်ယာထွက်ကုန်တင်ပို့တာကနေ ရရှိလာတဲ့ ပို့ကုန်ဝင်ငွေ (၇၀)ရာခိုင်နှုန်းကို စက်သုံးဆီဝယ်ယူဖို့ ပြန်လည်အသုံးပြုသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပြည်တွင်းစက်သုံးဆီ ပြတ်လပ်တဲ့အထိ ဖြစ်ပေါ်ခဲ့လို့ အရေးယူမှုတွေနဲ့ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်အထိ ဈေးတည်ငြိမ်တာ မရှိသေးပါဘူး။

အခုလက်ရှိမှာ 92 တစ်လီတာကို ငွေကျပ် (၂၇၇၀) ကျပ် ၊ 95 တစ်လီတာကို ငွေကျပ် (၂၈၇၅) ကျပ် ၊ ဒီဇယ် တစ်လီတာကို ငွေကျပ် (၂၅၉၅) ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာကို ငွေကျပ် (၂၆၄၀) ကျပ်အထိ ကျဆင်းခဲ့တာကို အဆိုပါကော်မတီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com