• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တိုယိုတာက အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ သုံးစွဲကာ EV SUV များထုတ်လုပ်မည့် စက်ရုံတည်ထောင်မည်

တိုယိုတာက အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ သုံးစွဲကာ EV SUV များထုတ်လုပ်မည့် စက်ရုံတည်ထောင်မည်

  • 105 views

 

တိုယိုတာသည် အမေရိကန်ဈေးကွက်တွင် ဖြန့်ချိရန် three-row လျှပ်စစ် SUV များ ထုတ်လုပ်ရေးအတွက် ကင်တပ်ကီပြည်နယ်တွင် စက်ရုံတစ်ခုကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံသုံးစွဲကာ ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်နေကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်သည်။

တိုယိုတာ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး၏ ပြောကြားချက်အရ အဆိုပါကားများကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ် နှစ်စပိုင်းအကြား ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း ပြောသည်။

တိုယိုတာက လျှပ်စစ်ကားများ ထုတ်လုပ်ရေးကဏ္ဍအတွက် ကန်ဒေါ်လာ ၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ယခင်က ကြေညာထားခဲ့ဖူးရာ ယခုစက်ရုံမှာ အဆိုပါစီမံကိန်း၏ တစိတ်တဒေသလည်း ဖြစ်သည်။

ကင်တပ်ကီတွင် ထုတ်လုပ်မည့် ကားမော်ဒယ်နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ ပြောဆိုရန် ကိုမူ တိုယိုတာ၏ ပြောရေးဆိုခွင့်ရအမျိုးသမီးက ငြင်းဆိုထားသည်။

အဆိုပါမော်ဒယ်သည် လက်ရှိကားများဖြစ်သော Rivian R1S ၊ Kia EV9 တို့နှင့် ပြိုင်ဘက်ဖြစ်လာနိုင်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ပြည်သူတို့အကြား EV ပြောင်းစီးခြင်းများ နှေးကွေးလာလျက်ရှိသည်။

ထို့ကြောင့် အချို့သော ကားထုတ်လုပ်သူတို့မှာ EV ထုတ်လုပ်ရေး စီမံကိန်းများ ဆိုင်းငံ့ခြင်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများ ရပ်ဆိုင်းခြင်းတို့ ပြုလုပ်လာလျက် ရှိနေသည်။

ယင်းသို့သော အချိန်မျိုးတွင် တိုယိုတာ၏ ကြေညာချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ကမ္ဘာကြီးတွင် ကာဗွန်ထုတ်လွှတ်မှု ကင်းမဲ့သည့် အခြေအနေမျိုးသို့ ရောက်စေရန် EV ကားများမှာ ဖြေရှင်းချက် တစ်ခုဖြစ်သော်လည်း တစ်ခုတည်းသောအဖြေမဟုတ်ဟု ယူဆထားသော အထင်ကရ ကားထုတ်လုပ်သည့် ကုမ္ပဏီများအနက် ကမ္ဘာ့အကြီးမားဆုံးကားကုမ္ပဏီကြီး တိုယိုတာလည်း အပါအဝင် ဖြစ်သည်။

တိုယိုတာသည် hybrid များ၊ လျှပ်စစ် hybrid များနှင့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်တို့ကဲ့သို့ အခြားသော နည်းပညာများတွင် ဆက်လက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။

တိုယိုတာကို king of hybrid ဟု အများက ခေါ်ဆိုကြပြီး လျှပ်စစ်ကားများတွင် ရင်းနှီးမြှုပ်နှံရန် သတိထား နေခြင်းအပေါ် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအုပ်စုအချို့က ဝေဖန်မှုများ ရှိကြသည်။

တိုယိုတာက လာမည့်် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ကား အစင်းရေ ၃ ဒသမ ၅ သန်း ထုတ်လုပ်သွားရန် ရည်မှန်းထားရာ ထိုပမာဏမှာ ကုမ္ပဏီ လက်ရှိရောင်းအား၏ ၃ ပုံ ၁ ပုံခန့် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Toyota investing $1.3 billion in Kentucky to build all-electric, three-row SUV (cnbc)

Photo Credit:  Getty Images