- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဘယ်လ်ဂျီယံနိုင်ငံရှိ ဂိုဒေါင်ဟောင်းတစ်ခုထဲတွင် Porsche များနှင့် Ferrari များ အပါအဝင် အလွန်ရှားပါးသော တန်ဖိုးကြီးကားပေါင်း ၂၂ စင်းရှာဖွေတွေ့ရှိ
ဘယ်လ်ဂျီယံနိုင်ငံရှိ ဂိုဒေါင်ဟောင်းတစ်ခုထဲတွင် Porsche များနှင့် Ferrari များ အပါအဝင် အလွန်ရှားပါးသော တန်ဖိုးကြီးကားပေါင်း ၂၂ စင်းရှာဖွေတွေ့ရှိ
- 421 views
ဘယ်လ်ဂျီယံနိုင်ငံရှိ ဂိုဒေါင်ဟောင်းတစ်ခုထဲတွင် Ferrari ၁၆ စင်းနှင့် Porsche ၆ စင်း အံ့ဖွယ် ရှာဖွေတွေ့ရှိ ခဲ့မှုအပေါ် တန်ဖိုးကြီးကား ဝါသနာရှင်များအကြား လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။
High-end ကား ၂၂ စင်းရှာဖွေတွေ့ရှိခဲ့သော ဘရပ်ဆဲလ်မြို့မှ ဂိုဒေါင်ပိုင်ရှင်က ဘရပ်ဆဲလ်အခြေစိုက် ကားကုမ္ပဏီတစ်ခုဖြစ်သော Oldtimerfam သို့ ဆက်သွယ်ကာ ကားများ၏ တန်ကြေးကို စုံစမ်းခဲ့သည်။
“အရမ်းရှားပါးတဲ့ Ferrari နဲ့ Porsche တွေပါ”ဟု ဂန္ထဝင်ကား ကျွမ်းကျင်ပညာရှင် Xavier Molenaar က Jam Press သတင်းဌာနသို့ ပြောသည်။
ကားအားလုံးကို ကားအဖုံးအကာများဖြင့် ခြုံလွှမ်းထားရာ ကားများမှာ အလွန်ကောင်းမွန်သော အနေအထား ရှိကြောင်း Molenaar က ပြောသည်။
ရှာဖွေတွေ့ရှိသော ကားများတွင် Ferrari Testarossas အများအပြားပါဝင်ကြောင်း ၎င်းက ပြောသည်။
Testarossas များကို ၁၉၈၄ မှ ၁၉၉၆ ခုနှစ်အကြား ထုတ်လုပ်ခဲ့ပြီး အွန်လိုင်းတွင် ကန်ဒေါ်လာ ၁၈၀,၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
(ရှာဖွေတွေ့ရှိခဲ့သော ကားများတွင် အများအပြားပါဝင်နေသည်မှာ Ferrari Testarossas များဖြစ်သည်။ ဓာတ်ပုံ-Jam Press/@oldtimerfarmbv)
(ဂိုဒေါင်ထဲတွင် တွေ့ရှိသော Ferrari F512M မှာ ကမ္ဘာပေါ်တွင် ၁၀ စင်းခန့်သာ ရှိနိုင်သည်။ ဓာတ်ပုံ-Jam Press/@oldtimerfarmbv)
(Porsche 911 များလည်း ပါဝင်သည်။ ဓာတ်ပုံ-Jam Press/@oldtimerfarmbv)
(ဘရပ်ဆဲလ်မြို့ရှိ ဂိုဒေါင်တစ်ခုထဲတွင် ကားများကို အဖုံးအကာများဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Jam Press/@oldtimerfarmbv)
Molenaar က ပြောသည်မှာ ကားများကို ကွဲပြားသော ဗားရှင်း၊ အရောင်တို့ဖြင့် တွေ့ရကြောင်း ပြောသည်ဟု Oldtimerfam က ထုတ်ပြန်သည်။
အချို့သော Porsche 911 တို့မှာ Turbo နှင့် S မော်ဒယ်များဖြစ်ကြသည်။
S မော်ဒယ်များမှာ ဗားရှင်းသစ်များဖြစ်ရာ ကန်ဒေါ်လာ ၂၅၀,၀၀၀ နှင့်အထက် တန်ကြေးရှိနိုင်သည်။
ဂိုဒေါင်ထဲတွင် ရှာဖွေတွေ့ရှိခဲ့သော ကားအများစုမှာ ရှားပါးကားများဖြစ်ကြောင်း Molenaar က ပြောသည်။
“ဒီမော်ဒယ်တွေဟာ လမ်းတွေပေါ်မှာ ပျောက်ကွယ်ကုန်ပြီး ကားစုဆောင်းသူတွေ အပြင်းအထန် ရှာဖွေနေတဲ့ ကားတွေ ဖြစ်တယ်ဆိုပေမယ့် အတော်အသင့်တော့ တွေ့နိုင်ပါသေးတယ်”ဟု Molenaar က Jam Press သတင်းဌာနသို့ ပြောသည်။
ရှာဖွေတွေ့ရှိခဲ့သော ကားများအနက် အရှားပါးဆုံးမှာ Ferrari 365 GT 4 BB မော်ဒယ်ဖြစ်ပြီး ၁၉၇၀ ပြည့်လွန် ကာလများက ထုတ်လုပ်ခဲ့သောကား ဖြစ်သည်။
အဆိုပါ ကားမော်ဒယ်တစ်ခုကို ၂၀၂၂ ခုနှစ်အတွင်း Sotheby’s လေလံပွဲတွင် ကန်ဒေါ်လာ ၂၇၆၀၀၀ ဖြင့် ရောင်းထွက်ခဲ့ဖူးသည်။
အခြား ရှားပါးကားတစ်စင်းမှာ Ferrari 550 Maranello ဖြစ်သည်။
ဂိုဒေါင်ထဲတွင် အဝါရောင် Ferrari F512 M တစ်စင်းလည်းတွေ့ရပြီး အဆိုပါမော်ဒယ်မှာ ၁၀ စင်းသာ ထုတ်လုပ် ထားသည်ဟူသော ကောလာဟလများလည်းရှိကြောင်း Molenaar က ပြောသည်။
“ပြန်လည်မွမ်းမံမှုတွေလုပ်မထားတဲ့ ဒီထူးခြားတဲ့ကားကတော့ ကမ္ဘာပေါ်မှာ တစ်စင်းထဲပဲ ရှိနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
ကား ၂၂ စင်းလုံးကို ဘယ်လ်ဂျီယံနိုင်ငံ Aalter ရှိ Oldtimerfarm ကုမ္ပဏီထံ ပြောင်းရွှေ့ထားပြီး ကားများကို အလုံးစုံပြန်လည်မွမ်းမံကာ ရောင်းချသွားမည်ဖြစ်ကြောင်း Oldtimerfam က ထုတ်ပြန်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Collection of 22 ‘highly rare’ luxury cars, including Porsches and Ferraris, found in old warehouse (nypost)
Photo Credit: Jam Press/@oldtimerfarmbv