• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများ Pre Order ဖြင့်ရောင်းချလျှင် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမည်

လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများ Pre Order ဖြင့်ရောင်းချလျှင် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမည်

  • 316 views

“လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့်လျှပ်စစ်သုံးယာဉ် (EV) များအားလူမှုကွန်ယက်များတွင်လည်းကောင်း၊ show room များတွင် လည်းကောင်း pre order ဖြင့်ရောင်း ချခြင်းရှိနေခြင်းကြောင့် စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရ အရေးယူခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း” လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီကနေ သိရသည်။

“လက်ရှိ EV ကားဈေးကွက်မှာဆိုရင် ကားတစ်စီးရဲ့တန်ဖိုးက သိန်း (၈၀၀) ကနေ (၂၀၀၀) နီးပါးထိရှိပါတယ်။ သုံးစွဲသူတွေကတော့ သိန်း (၈၀၀) နဲ့ (၁၀၀၀) ကြားကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ user တွေအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ လောင်စာဆီသုံးယာဉ်နဲ့ လျှပ်စစ်သုံးယာဉ် ဘယ်ဟာက ပိုအဆင်ပြေမလဲဆိုတာ လေ့လာတွက်ချက်နေတဲ့အခြေအနေလို့ ပြောလို့ရပါတယ်” ဟု ကားဈေးကွက်အခြေအနေကို လေ့လာနေသူ တစ်ဦးက CarsDB သို့ ပြောသည်။

လျှပ်စစ်သုံး (EV) ကားများကို အွန်လိုင်းပေါ်တွင် အများအပြား ရောင်းချနေမှုများကိုလည်း ယခင်ထက် တွေ့မြင်လာရကြောင်း၊ ပြည်တွင်း၌လည်း ရောက်ရှိထားသည့်ယာဉ်များ ရှိနေသည့်အပြင် မြန်မာနိုင်ငံသို့ မရောက်ရှိသေးသည့် ယာဉ်များကိုလည်း ကြိုတင်ရောင်းချမှုများ ရှိနေကြောင်း social media online page များမှာ တွေ့မြင့်မှု များလာကြောင်း ကြည့်ရှုလေ့လာသူတစ်ဦးကလည်း ပြောသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင် သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ် (EV) များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်းနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင် ရောင်းချခြင်းမပြုရန် အသိပေး‌ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထပ်မံသိရှိရသည်။

ယင်းတားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသော အဆိုပါကုမ္ပဏီများအား စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရ အရေးယူခြင်းကိုဆောင် ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီက ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com