ကားဝယ်ရောင်းဈေးကွက်တွင် အရောင်းဈေးကျပြီး အဝယ်ဘက်တွင် ဈေးတက်နေဟုဆို

  • 1561 views

 

ကားများ ဈေးအပြောင်းအလဲဖြစ်နေကြောင်း၊ ကားအများစုမှာ အရောင်းဘက်တွင် ဈေးကျနေပြီး ကားအဝယ်ဘက်တွင် ဈေးတက်နေကြောင်း ကားဝယ်ရောင်းအကျိုးဆောင်များ အသိုင်းအဝိုင်းမှ သိရသည်။

‘ကားဈေးတွေက တကယ်ကျနေတာပါ။ မယုံရင် ရှိတဲ့ကားသွားရောင်းကြည့်ပါ။ လိုင်းပေါ်အော်နေတဲ့ဈေးနဲ့ တကယ်ရောင်းလို့ မရပါဘူး။ ရောင်းချင်ရင် ဈေးချပေးရတယ်။ ဘယ်လောက်ချရလဲဆို သိန်း (၅၀) အနည်းဆုံးပါပဲ။ မင်းရောင်းချင်လို့ (၅၀) ချရောင်းတယ်ထား ပွဲစား ဝယ်ရောင်းတွေ ဝယ်ပါတယ်”ဟု ကားဝယ်ရောင်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

သို့သော်လည်း ကားဈေးကွက်အတွင်း ဈေးမတည်ငြိမ်မှုများရှိနေပြီး ကားအရောင်းအဝယ်များ အေးနေဆဲဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှသိရသည်။

ကားဈေးကွက်အတွင်း စက်သုံးဆီရရှိမှုနှင့် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာမှုကြောင့် အင်ဂျင်ပါဝါကြီးသည့် ကားများ အရောင်းအဝယ်နည်းပြီး ကျဈေးတွင် ရှိနေခြင်းဖြစ်ကြောင်း ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အင်ဂျင်ပါဝါကြီးတဲ့ကားတွေက ဈေးပြိုသွားတာ။ သိန်း ၅၀၀၀၊ သိန်း ၆၀၀၀ လောက်တန်တဲ့ ကားတွေက သိန်း ၃၀၀၀ နဲ့ သိန်း ၄၀၀၀ ကြားဖြစ်သွားတယ်။ ၁၀၀၀ ကျော်လောက် ပြုတ်ကျသွားတယ်။ ဈေးအရမ်းမြင့်တဲ့ ကားတွေကြတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ် မဖြစ်သလောက်ဘဲ” ဟု ၎င်းကပြောသည်။

ယခင်က ပြည်တွင်းကားဈေးကွက်တွင် ၇၀ ရာခိုင်နှုန်းခန့် လွှမ်းမိုးမှုရှိခဲ့သည့် SKD စနစ်ဖြင့် ထုတ်လုပ်သည့် Suzuki Ertiga၊ Ciaz နှင့် Swift အပါအဝင် အင်ဂျင်ပါဝါသေးသည့် ကားများမှာ အရောင်းအဝယ် ပြန်ကောင်းလာကြောင်း ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com