- ပင်မစာမျက်နှာ
- ကားသတင်းများ
- လျှို့ဝှက်ခလုတ်ဖြင့် အိပ်ခန်းဖွင့်ရပြီး နေစွမ်းအင်ဖြင့် မိုင် ၁၀၀၀ အထိ မောင်းနိုင်သော ကမ္ဘာ့အနာဂတ်အဆန်ဆုံးကား
လျှို့ဝှက်ခလုတ်ဖြင့် အိပ်ခန်းဖွင့်ရပြီး နေစွမ်းအင်ဖြင့် မိုင် ၁၀၀၀ အထိ မောင်းနိုင်သော ကမ္ဘာ့အနာဂတ်အဆန်ဆုံးကား
- 416 views
YouTube ချန်နယ် တည်ထောင်ထားသူတစ်ဦးက နေစွမ်းအင်ဖြင့် မိုင် ၁၀၀၀ မောင်းနှင်နိုင်သော ကမ္ဘာ့အနာဂတ်အဆန်ဆုံးကားကို စမ်းသပ်မောင်းနှင်ခဲ့သည်။
ထူးဆန်းသော သွင်ပြင်ရှိသည့် ၃ ဘီးတပ်ကားတွင် နောက်ဘက်၌ အိပ်စက်သည့် အခန်းတစ်ခုပင် ပါဝင်သည်။
အဆိုပါ အခန်းမှာ လူ ၂ ဦး အိပ်စက်နိုင်သည့် နေရာရှိပြီး လျှို့ဝှက်ခလုတ်တစ်ခုဖြင့် ဖွင့်ရခြင်း ဖြစ်သည်။
(ကမ္ဘာ့အနာဂတ်အဆန်ဆုံးကားများတွင် ပါဝင်သော Aptera ကား။ ဓာတ်ပုံ-YouTube)
(YouTube ကြယ်ပွင့် FaZe Rug သည် အဆိုပါကားကို စမ်းသပ်မောင်းနှင်ကြည့်ရန် ထူးခြားသော အခွင့်အရေး ရခဲ့သည်။ ဓာတ်ပုံ-YouTube)
(ကားတွင် ပါဝင်သော Feature များကို ၎င်းက ပြသခဲ့ရာ ဘက်ထရီအားသွင်းရန်အတွက် ကားအမိုးတွင် တပ်ဆင်ထားသော ဆိုလာပြားများလည်း ပါဝင်သည်။ ဓာတ်ပုံ-YouTube)
YouTube ကြယ်ပွင့် FaZe Rug က ဤကားအကြောင်းကို သူ၏ ချန်နယ်မှတဆင့် ပြသခဲ့သည်။
ကားကို Aptera ဟု အမည်ပေးထားပြီး Aptera Motors မှ ထုတ်လုပ်သော လျှပ်စစ်ကား ဖြစ်သည်။
“ကျွန်တော် အင်စတာဂရမ်မှာ လျှောက်ကြည့်နေရင်းနဲ့ ဒီကားကို တွေ့ခဲ့ပါတယ်။ ကားက အနာဂတ်ကာလက လာတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ကားရဲ့ ဓာတ်ပုံက အစစ်လား ၊ အတုလား ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။”
ယင်းနောက် Aptera Motors ကုမ္ပဏီနှင့် အပြန်အလှန် မက်ဆေ့များ ပေးပို့ခဲ့ပြီးနောက် အဆိုပါကားကို စမ်းသပ်မောင်းနှင်ကြည့်ရန် ကုမ္ပဏီက ခွင့်ပြုခဲ့သည်။
၎င်းတို့၏ နမူနာကားကို ကြည့်ရှုမှု အကြိမ်ရေ ၃ သန်းကျော် ရရှိထားသော FaZe Rug ချန်နယ်မှတဆင့် စမ်းသပ်မောင်းနှင်သည့် ဗွီဒီယို လွှင့်တင်ခွင့် ပြုခဲ့သည်။
ဗွီဒီယိုဖိုင်အတွင်း FaZe က ကား၏ တမူထူးသော Feature များကို ပြသခဲ့သည်။
Touch ဖြင့် ဖွင့်ရသော တံခါးများ ၊ ဆိုလာပြားများ ၊ အံ့ဖွယ်အိပ်စက်ရန်နေရာနှင့် ဘီး ၃ ဘီးသာ တပ်ဆင် ထားမှုတို့ အပါအဝင် ဖြစ်သည်။
“ကားက ၂ ယောက်စီးပါ။ ဒါပေမဲ့ နောက်ဘက်မှာ ရေလွှာလျှောစီး ဘုတ်ပြားတစ်ခု ထားနိုင်တဲ့နေရာ ရှိတာ တွေ့နိုင်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
“ဒါပေမဲ့ လူ ၂ ယောက် တကယ်အိပ်နိုင်ဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားဟာ ခရီးရှည် ထွက်နေတယ်ဆိုရင် တည်းခိုဖို့နေရာအတွက် စိတ်ပူစရာ မလိုပါဘူး။ ကားကို ရပ်လိုက်ပြီး နောက်ဘက်မှာ အိပ်ရုံပါပဲ။”
၎င်း၏ YouTube ချန်နယ်၏ ပရိသတ်များက ကား၏ ထူးခြားသော သွင်ပြင်ကို အံ့အားသင့်ခဲ့ကြပြီး တစ်ဦးက မှတ်ချက်ပြုသည်မှာ “ဒီကားက အံ့ဖွယ်ပါပဲ။ နည်းပညာဟာ ကားတွေကို နောက်တဆင့်ဆီ ဘယ်လိုပို့ဆောင် ပေးမလဲဆိုတာ တွေ့ရဖို့ မစောင့်နိုင်လောက်အောင်ပါပဲ”ဟု ဆိုသည်။
Aptera ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ ဤကားသည် ၁ မိုင်လျှင် လျှပ်စစ်စွမ်းအင် 100 Wh သာ သုံးစွဲရာ Tesla Model 3 ထက် စွမ်းအင်ထိရောက်မှု ၂ ဒသမ ၅ ဆ ပိုမိုကောင်းမွန်ကြောင်း ဖော်ပြထားသည်။
အားအပြည့်သွင်းထားလျှင် မိုင် ၁ဝ၀၀ မောင်းနှင်နိုင်စွမ်းရှိရာ အမေရိကန်နိုင်ငံသားအများစုမှာ တစ်ရက်လျှင် မိုင် ၃၀ အောက်သာ မောင်းနှင်ကြသောကြောင့် အများစုအနေဖြင့် တစ်ခါတစ်ရံမှသာ အားသွင်းရန် လိုအပ်မည် ဖြစ်သည်။
သို့မဟုတ် နေစွမ်းအင်မှ ထုတ်လုပ်ပေးသောအားမှာ မိုင် ၄၀ အောက် မောင်းနှင်နိုင်ရာ မည်သည့်အခါမှ အားသွင်းရန် မလိုအပ်ခြင်းလည်း ဖြစ်နိုင်သည်။
လက်ရှိအားဖြင့် ဤကားကို ဈေးကွက်တွင် ဝယ်ယူခြင်းမပြုနိုင်သေးသော်လည်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှ တဆင့် ကန်ဒေါ်လာ ၃၃၀၀၀ ဖြင့် ကြိုတင်မှာယူနိုင်သည်ဟု သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: MOTOR VISION I drove the world’s most futuristic car… it has three wheels & hidden button to open ‘sleeping pod’ in the back (the-sun)
Photo Credit: YouTube