- ပင်မစာမျက်နှာ
- ကားသတင်းများ
- မွန်ပြည်နယ်တွင် စက်သုံးဆီများ တင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနိုင်ရေး ကုမ္ပဏီ (၇) ခုကို လုပ်ကိုင်ခွင့်ပေးမည်
မွန်ပြည်နယ်တွင် စက်သုံးဆီများ တင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနိုင်ရေး ကုမ္ပဏီ (၇) ခုကို လုပ်ကိုင်ခွင့်ပေးမည်
- 219 views
မွန်ပြည်နယ်အတွင်း ကုမ္ပဏီ (၇) ခုကို နိုင်ငံတော်မှ နိုင်ငံခြား ငွေတောင်းခံခြင်း မပြုဘဲ တစ်လ ပျှမ်းမျှစက်သုံးဆီ မက်ထရစ်တန် ၄၀,၀၀၀ ကို တင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ကိုင်ခွင့်တာဝန်ပေးအပ်သွားမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောသည်။
မွန်ပြည်နယ်အတွင်းသို့ အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၈)ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပစဉ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ တာဝန်ပေးအပ်ခြင်းခံရသည့် ကုမ္ပဏီများအနေဖြင့် စက်သုံးဆီများကို ပြည်ပမှ မှာယူနိုင်မည့် အခြေအနေ၊ တင်သွင်းရောက်ရှိလာသည့် စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်မည့်အခြေအနေ၊ ပြန်လည် ဖြန့်ဖြူး ရောင်းချ ပေးနိုင်မည့် အခြေအနေနှင့် အစီအမံများ၊ Shipment Plan စီစဉ်ရေးဆွဲထားရှိမှုများကို ဆွေးနွေးတင်ပြကြစေလိုကြောင်း၊တင်သွင်းသိုလှောင်ဖြန့်ဖြူးမည့် အစီအမံနှင့် Shipment Plan ရေးဆွဲထားရှိမှုများအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး တင်ပြပေးရန်နှင့် တင်သွင်းလာမည့် စက်သုံးဆီများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး လက်လီ/လက္ကားဈေးနှုန်းတွက်ချက်သ တ်မှတ်မှုပုံစံများကို ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၆၄) ဆိုင်မှ ယခင်ဖြန့်ဖြူးရောင်းချခဲ့မှု အခြေအနေများအရ စက်သုံးဆီ (၁)ရက် လိုအပ်ချက်၊ စက်သုံးဆီ မှာယူမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို နေ့စဉ် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။
ထိုနောက် ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အရာရှိ ဦးသန်းထွေးက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com