- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့အကြီးမားဆုံး ကားတင်ပို့သူအဖြစ် ဂျပန်ကို ဖြတ်ကျော်ရန် တရုတ်နီးကပ်လာ
ကမ္ဘာ့အကြီးမားဆုံး ကားတင်ပို့သူအဖြစ် ဂျပန်ကို ဖြတ်ကျော်ရန် တရုတ်နီးကပ်လာ
- 236 views
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ တရုတ်ပြည်သည် ကမ္ဘာ့အကြီးမားဆုံး ကားတင်ပို့သည့် နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်အတွင်း ဂျပန်ကို ဖြတ်ကျော်ရန် နီးကပ်ခဲ့သော်လည်း ဖြတ်ကျော်နိုင် ခဲ့ခြင်း မရှိချေ။
ဂျပန်အကောက်ခွန်ဌာန အချက်အလက်များအရ ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ကားအစင်းရေ ၅ ဒသမ ၉၇ သန်း တင်ပို့ခဲ့သည်ဟု ဆိုသည်။
တရုတ်ပြည် အကောက်ခွန်ဌာန အချက်အလက်များအရ တရုတ်ပြည်သည် ၂၀၂၃ ခုနှစ်အတွင်း ကားအစင်းရေ ၅ ဒသမ ၂၂ သန်း တင်ပို့ခဲ့ကြောင်း ဖော်ပြထားရာ ဂျပန်ကို လိုက်မှီရန် နီးကပ်ခဲ့သော်လည်း ဖြတ်ကျော်နိုင် ခဲ့ခြင်း မရှိချေ။
သို့သော် နှစ်နိုင်ငံလုံး၏ ကုန်ထုတ်လုပ်ရေး အသင်းများမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ တရုတ်ပြည်သည် အိမ်စီးကား ထုတ်လုပ်မှု ကဏ္ဍတွင် ဂျပန်ကို ဖြတ်ကျော်ခဲ့ကြောင်း ပြသနေသည်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်မှ အိမ်စီးကား အစင်းရေ ၄ ဒသမ ၁၄ သန်း တင်ပို့ခဲ့ပြီး ဂျပန်မှာ အစင်းရေ ၃ ဒသမ ၉၇၈ သန်း တင်ပို့ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်မှ တင်ပို့ခဲ့သော ကားများ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ဓာတ်ဆီကားများ ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားပြီး စွမ်းအင်သစ်သုံး ယာဉ်များ တင်ပို့မှုမှာ လျင်မြန်စွာ ကြီးထွားလာနေကြောင်းလည်း ဖော်ပြသည်။
ပြည်ပသို့ တင်ပို့ခဲ့သော ဓာတ်ဆီကားများအနက် အများစုမှာ ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း Moody’s Analytics မှ စီးပွားရေးပညာရှင် Sarah Tan က ပြောသည်။
“၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ကားထုတ်လုပ်သူ အများစုဟာ ယူကရိန်းကနေ ထွက်ခွာခဲ့ကြတယ်။ လစ်ဟာနေတဲ့နေရာကို တရုတ်ပြည်က ကားထုတ်လုပ်သူတွေ ဝင်ရောက်လာခဲ့ကြပါတယ်”ဟု သူမက ပြောသည်။
“၂၀၂၃ ခုနှစ် ပထမ ၁၁ လတာ ကာလအတွင်း ရုရှားကို ကားတင်ပို့မှု ပမာဏဟာ ၂၀၂၂ ခုနှစ်ထက် ၆ ဆ လောက် မြင့်တက်လာခဲ့ပါတယ်။”
တရုတ်ပြည်မှ ဓာတ်ဆီကားများ အဓိကတင်ပို့ခဲ့သည့် နိုင်ငံများတွင် မက္ကဆီကို နိုင်ငံလည်း ပါဝင်ကြောင်း သူမက ပြောသည်။
ဘယ်လ်ဂျီယမ်နှင့် ဗြိတိန်နိုင်ငံများသို့ တင်ပို့ခဲ့သော ကားများမှာမူ စွမ်းအင်သစ်သုံးကားများ ဖြစ်သည်။
မက္ကဆီကိုသည် ရုရှားပြီးလျှင် တရုတ်ပြည်ထုတ်ကားများ အများဆုံးတင်ပို့နေသည့် နိုင်ငံဖြစ်ကြောင်း တရုတ်ပြည်ဆိုင်ရာ မက္ကဆီကို သံအမတ်ဟောင်း Jorge Guajardo က ပြောသည်။
တရုတ်ပြည်ထုတ်ကားများသည် မက္ကဆီကိုနိုင်ငံတွင် ဈေးကွက်ဝေစု လျင်မြန်စွာ ကြီးထွားလာခဲ့ကြောင်း ၊ မက္ကဆီကိုသည် ပုံမှန်အားဖြင့် ပြည်တွင်း ကားဈေးကွက်ကို ကြီးမားစွာ အကာအကွယ်ပေးထားသည့် နိုင်ငံ ဖြစ်ရာ တရုတ်ပြည်ထုတ်ကားများ ဈေးကွက်ဝေစု ရရှိမှု ကြီးမားလာခြင်းမှာ ဆန်းကြယ်နေကြောင်း Guajardo ပြောသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China comes just shy of Japan as the world’s largest car exporter (cnbc)
Photo Credit: (Getty Images)