- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဥရောပအတွက် ရည်ရွယ်သည့် EV စက်ရုံတည်ထောင်ရန် BYD က ဟန်ဂေရီနိုင်ငံတွင် မြေနေရာဝယ်ယူ
ဥရောပအတွက် ရည်ရွယ်သည့် EV စက်ရုံတည်ထောင်ရန် BYD က ဟန်ဂေရီနိုင်ငံတွင် မြေနေရာဝယ်ယူ
- 282 views
ဥရောပတွင် EV စက်ရုံတည်ထောင်ရန် ပထမဆုံးနေရာအဖြစ် ဟန်ဂေရီနိုင်ငံကို ရွေးချယ်ထားကြောင်း ကြေညာအပြီး ၂ လအကြာတွင် BYD က ဟန်ဂေရီတွင် စက်ရုံနေရာအတွက် မြေနေရာ ဝယ်ယူမှု ပဏာမ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
BYD က ဥရောပတွင် EV ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် လျင်မြန်စွာ လည်ပတ်လုပ်ကိုင်နိုင်ရန် စီစဉ်လျက်ရှိရာ ယခုအခါ ရှေ့သို့ လှမ်းတက်လာခဲ့ခြင်းလည်း ဖြစ်သည်။
BYD သည် EV ရောင်းချရမှုတွင် Tesla ကို ဖြတ်ကျော်ကာ ကမ္ဘာ့ဦးဆောင်သူ ဖြစ်လာခဲ့ပြီး အရှိန်လျှော့ချ သွားမည့် လက္ခဏာလည်း မရှိချေ။
BYD သည် ဥရောပဈေးကွက်သို့ ဝင်ရောက်ခဲ့သည်မှာ ၄ နှစ်ရှိခဲ့ပြီ ဖြစ်သည်။
ယခုအခါ ဥရောပရှိ ကားထုတ်လုပ်သူများ ၊ အမေရိက၏ EV ထိပ်သီး Tesla တို့နှင့် ယှဉ်ပြိုင်ရန်အတွက် BYD က လျှပ်စစ်ကား မော်ဒယ်သစ်များ ဆက်လက်ဖြန့်ချိလာလျက် ရှိသည်။
BYD သည် ၂၀၂၂ ခုနှစ်တွင် ဥရောပ၌ ထုတ်လုပ်ရေးနေရာ စတင်ရှာဖွေခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလတွင် စက်ရုံတည်ဆောက်မှုနေရာကို တရားဝင် ကြေညာခဲ့သည်။
(ဓာတ်ပုံ-BYD)
BYD က ၎င်း၏ Weibo လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့မှုအရ ဟန်ဂေရီနိုင်ငံတွင် စက်ရုံတည်ထောင်မည့် မြေနေရာအတွက် Szeged အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်တွင် မြေအရောင်းအဝယ် ပဏာမ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်ကို တွေ့ရသည်။
အဆိုပါ စာချုပ် လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ BYD ၏ ဥက္ကဌ ဝမ်ချန်းဖူနှင့် ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Peter Szijjarto တို့ တက်ရောက်ခဲ့ကြသည်။
ဒီဇင်ဘာလတွင် ထွက်ရှိခဲ့သော သတင်းများအရ ဟန်ဂေရီရှိ BYD ၏ စက်ရုံသည် ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့ ထံမှ အကူအညီများ ရရှိမည်ဟု ဆိုသည်။
သို့သော် အဆိုပါရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ အခြားသော အချက်အလက်များကိုမူ ဥရောပကော်မရှင်က ဤအရောင်းအဝယ်အား တရားဝင် အတည်ပြုပေးပြီးသည့် နောက်ပိုင်းတွင်မှ သိရှိရမည် ဖြစ်သည်။
အကယ်၍ အတည်ပြုချက် ရရှိမည်ဆိုပါက ဥရောပလျှပ်စစ်ကားဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် BYD ၏ အရေးပါသော ဗဟိုချက်နေရာ ဖြစ်လာမည် ဖြစ်သည်။
စက်ရုံဆောက်လုပ်ပြီးစီးပါက အဆင့်လိုက် တိုးချဲ့မှု စီမံကိန်းနှင့်အတူ နှစ်စဉ် EV အစင်းရေ ၂၀၀၀၀၀ ကျော် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။
BYD က အဆိုပါစက်ရုံကို ၃ နှစ်အတွင်းလည်ပတ်နိုင်ရန် မျှော်မှန်းထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD inks preliminary land purchase in Hungary for plant that will build EVs for Europe (electrek)
Photo Credit: BYD