- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla ၏ EV မော်ဒယ်သစ် ထုတ်လုပ်မှုအတွက် စက်ရုံတွင် နေထိုင် အိပ်စက်ကြရလိမ့်မည်ဖြစ်ကြောင်း Elon Musk က ဝန်ထမ်းများအား သတိပေး
Tesla ၏ EV မော်ဒယ်သစ် ထုတ်လုပ်မှုအတွက် စက်ရုံတွင် နေထိုင် အိပ်စက်ကြရလိမ့်မည်ဖြစ်ကြောင်း Elon Musk က ဝန်ထမ်းများအား သတိပေး
- 268 views
Elon Musk က အလုံးအရင်းထုတ်လုပ်မည့် EV မော်ဒယ်သစ်နှင့် စပ်လျဉ်းသည့် အစီအစဉ်များကို ကြိုတင်ထုတ်ပြန် အသိပေးလာရာတွင် Tesla ၏ ထုတ်လုပ်ရေးလုပ်သားများအနေဖြင့် ထုတ်လုပ်မှု တိုးမြှင့်မည့် စိန်ခေါ်မှုအတွက် အသင့်ပြင်ထားကြရန် သတိပေးလိုက်သည်။
Elon Musk သည် ကုမ္ပဏီ၏ အွန်လိုင်းအစည်းအဝေးတွင် Tesla ၏ Next-Generation လျှပ်စစ်ကား ထုတ်လုပ်မည့်အကြောင်း ပြောကြားခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
Tesla ထုတ်လုပ်ရေး အလုပ်သမားများအနေဖြင့် တက္ကဆပ်ပြည်နယ်ရှိ စက်ရုံ၏ ထုတ်လုပ်ရေးလိုင်းတွင် နေထိုင်အိပ်စက်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ထုတ်လုပ်ရေးလိုင်းမှာ နေထိုင်မယ့် အင်ဂျင်နီယာတွေ ကျွန်တော်တို့ လိုအပ်ပါတယ်”ဟု Elon Musk က ရင်းနှီးမြှုပ်နှံသူများအား ပြောကြားသည်။
“စိန်ခေါ်မှုရှိတဲ့ ထုတ်လုပ်ရေးမြှင့်တင်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်ရေးလိုင်းမှာ အိပ်စက်ကြရ ပါလိမ့်မယ်။”
ကုမ္ပဏီ၏ ထုတ်လုပ်ရေး Deadline မှီစေရန် Tesla ၏ အလုပ်သမားများ ထုတ်လုပ်ရေးလိုင်းတွင် အိပ်စက်ကြရ သည်မှာ ယခုအချိန်မှာ ပထမဆုံး မဟုတ်သေးချေ။
ကယ်လီဖိုးနီးယားပြည်နယ် Fremont ရှိ Tesla စက်ရုံတွင် လုပ်ကိုင်ခဲ့ဖူးသော အလုပ်သမားဟောင်းတစ်ဦးက The Verge သတင်းဌာနသို့ ပြောသည်မှာ ဝန်ထမ်းများသည် ၁၂ နာရီအဆိုင်း အလုပ်ဝင်ပြီးလျှင် စက်ရုံကြမ်းပြင်ပေါ်တွင် အိပ်စက်ကြရကြောင်း ပြောခဲ့ဖူးသည်။
Elon Musk က ပြောခဲ့ဖူးသည်မှာ Tesla ၏ ထုတ်လုပ်ရေးစက်ရုံရှိ သူ၏ စားပွဲအောက်တွင် ၃ နှစ်ဆက်တိုက် အိပ်ခဲ့ဖူးကြောင်း ပြောသည်။
Tesla က ထုတ်လုပ်မည့် မျိုးဆက်သစ် လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ် ၊ ဒုတိယနှစ်ဝက်တွင် တက္ကဆပ်ပြည်နယ်ရှိ Gigafactory မှ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Elon Musk က ပြောသည်။
ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ Tesla မှ ထုတ်လုပ်မည့် မျိုးဆက်သစ်ကားမှာ တန်ဖိုးသင့် လျှပ်စစ်ကား ဖြစ်ပြီး Redwood ဟု codename အမည်ပေးထားကြောင်း ဖော်ပြသည်။
အဆိုပါကားများကို အစင်းရေမည်မျှ ထုတ်လုပ်မည်ကိုမူ မခန့်မှန်းနိုင်သေးချေ။
Elon Musk က Tesla အနေဖြင့် ဈေးသက်သာသော EV ကားတစ်စင်း ထုတ်လုပ်ရန် စီစဉ်နေကြောင်း နှစ်ပေါင်းများစွာ အရိပ်အမြွှက် ပြောဆိုခဲ့ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃၀၀၀၀ အောက် ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
တရုတ်ပြည်မှ EV ထုတ်လုပ်သူတို့သည် တန်ဖိုးသင့် မော်တော်ကားများကို ဦးစားပေး ထုတ်လုပ်လာရာ Tesla မှာ ကြီးမားသော ဖိအားနှင့် ရင်ဆိုင်လာရသည်။
တရုတ်ပြည်မှ လျှပ်စစ်ကား ကုမ္ပဏီ BYD သည် ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ကား ထုတ်လုပ်သူအဖြစ် Tesla ကို မကြာသေးမီက ဖြတ်ကျော်သွားသည်။
သို့သော် BYD သည် ၎င်း၏ကားများကို အမေရိကန်တွင် ရောင်းချခြင်း မပြုသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Elon Musk Warns Tesla Workers They'll Be Sleeping on the Production Line to Build Its New Mass-Market EV (entrepreneur)
Photo Credit: Getty Images