- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်မှ ကားစက်ပြင်ဆရာတစ်ဦးက အလုပ်မှထွက်ကာ အနှုတ် ၆၀ ဒီဂရီ အထိအေးသည့် ကမ္ဘာ့အအေးဆုံးဒေသဖြစ်သော တောင်ဝင်ရိုးစွန်းတွင် တစ်နှစ်လျှင် ဒေါ်လာ ၈၀၀၀၀ ရမည့် အလုပ်၌ ဝင်ရောက်လုပ်ကိုင်
အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်မှ ကားစက်ပြင်ဆရာတစ်ဦးက အလုပ်မှထွက်ကာ အနှုတ် ၆၀ ဒီဂရီ အထိအေးသည့် ကမ္ဘာ့အအေးဆုံးဒေသဖြစ်သော တောင်ဝင်ရိုးစွန်းတွင် တစ်နှစ်လျှင် ဒေါ်လာ ၈၀၀၀၀ ရမည့် အလုပ်၌ ဝင်ရောက်လုပ်ကိုင်
- 438 views
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှ ကားစက်ပြင်ဆရာတစ်ဦးသည် ကားအရောင်းကုမ္ပဏီမှ အလုပ်ထွက်ကာ ကမ္ဘာ့အအေးဆုံးဒေသဖြစ်သော တောင်ဝင်ရိုးစွန်းဒေသသို့ သွားရောက်ကာ အလုပ်လုပ်ကိုင် ခဲ့သည်။
ဂျက်ဖ်ကက် အမည်ရှိ အမျိုးသားသည် အသက် ၃၃ နှစ်အရွယ်ရှိပြီး ၎င်းနေထိုင်ရာဒေသမှ မိုင်ပေါင်း ၉၀၀၀ ကျော် ဝေးကွာသော အန္တာတိကတိုက်တွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
SWNS သတင်းဌာန၏ ဖော်ပြချက်အရ ထိုဒေသတွင် ကြောက်မက်ဖွယ် အပူချိန်ကျဆင်းလေ့ရှိပြီး အနှုတ် ၆၀ ဒီဂရီအထိ မကြာခဏရောက်ရှိကာ တစ်နှစ်တာ၏ ထက်ဝက်ခန့်မှာ မှောင်အတိပြီးသော ကာလဖြစ်ကြောင်း ဖော်ပြသည်။
ထိုအလုပ်အကိုင်အကြောင်း ဂျက်ဖ်က ၂၀၁၉ ခုနှစ်တွင် စတင်သိရှိခဲ့ခြင်း ဖြစ်သည်။
တောင်ဝင်ရိုးစွန်းဒေသရှိ အမေရိကန်အစိုးရပိုင် Amundsen-Scott သုတေသနစခန်းတွင် တစ်နှစ်လျှင် ဒေါ်လာ ၈၀၀၀၀ လစာရမည့် စက်ပြင်ရာထူးနေရာအတွက် လျှောက်ထားခဲ့သည်။
(ဂျက်ဖ်ကက်သည် မိုင်ပေါင်း ၉၀၀၀ ကျော်ဝေးကွာသော အန္တာတိကတိုက်တွင် သွားရောက်အလုပ်လုပ်ကိုင် ခဲ့သည်။ ထိုဒေသတွင် တစ်နှစ်တာ၏ ထက်ဝက်ခန့်မှာ မှောင်အတိပြီးသော ကာလဖြစ်သည်။ ဓာတ်ပုံ-Jeff Capps/SWNS)
(ရေခဲမှတ်အောက် များစွာ အပူချိန်ကျဆင်းနေသော်လည်း ဂျက်ဖ်ကို စခန်းအပြင်ဘက်တွင် ဓာတ်ပုံထွက်ရိုက်ခဲ့ သည်ကို တွေ့ရပုံ။ ဓာတ်ပုံ-Jeff Capps/SWNS)
ဤစခန်းမှာ လူသူအလှမ်းကွာဝေးလှပြီး အနီးဆုံးဈေးဆိုင်မှာ မိုင် ၂၀၀၀ ခန့်ဝေးကွာသည်။
“ကျွန်တော်တို့က ဒီစခန်းကို အာကသယာဉ်ကြီးလို့ ခေါ်ကြတယ်။ အနီးဆုံးနောက်ထပ် သုတေသနစခန်းက မိုင် ၇၀၀ လောက်အကွာမှာ ရှိပါတယ်။ ကျွန်တော်တို့ဟာ အရာအားလုံးနဲ့ လုံးဝကို ဝေးကွာနေပါတယ်”ဟု၎င်းက SWNS သတင်းဌာနသို့ ပြောသည်။
အဆိုပါ စခန်းတွင် နေထိုင်ကာ တာဝန်ထမ်းဆောင်လျက်ရှိသူ ၄၃ ဦးရှိသည်။
စခန်းတွင် လိုအပ်သည့်အရာအားလုံး အပြည့်အစုံရှိပြီး ဝန်ထမ်းများ စားသောက်ရေးအတွက် စားဖိုမှူးများပင် ရှိသည်။
“စခန်းရဲ့ တံခါးကို မဖွင့်ဘူးဆိုရင် ထိပ်တန်းဟိုတယ်တစ်ခုထဲ ရောက်နေသလိုမျိုးပါပဲ။ ကျွန်တော်တို့မှာ အရမ်းတော်တဲ့ စားဖိုမှူးအဖွဲ့ရှိပါတယ်။ စခန်းထဲက အပူချိန်က သာမန်အပူချိန်လောက်ပါပဲ။ စခန်းထဲမှာ အနွေးထည်မပါဘဲ တီရှပ်တစ်ထည်နဲ့ လျှောက်သွားနေလို့ရပါတယ်။”
(စခန်းအပြင်ဘက်ထွက်ကာ ဓာတ်ပုံရိုက်ခဲ့သော ဂျက်ဖ်၏ နောက်ဘက်ဆီတွင် တောင်ဝင်ရိုးစွန်း၏ ဆန်းကြယ် သော အလင်းများကို တွေ့ရသည်။ ဓာတ်ပုံ-Jeff Capps/SWNS)
၎င်းတို့၏ စခန်းနေရာသည် ကမ္ဘာပေါ်တွင် အအေးစက်ဆုံး၊ အခြောက်သွေ့ဆုံးနှင့် လေအထန်ဆုံး နေရာတစ်ခု ဖြစ်ပြီး ဆောင်းကာလများတွင် အရိုးကွဲလောက်အောင် အနှုတ် ၆၀ ဒီဂရီအထိ အပူချိန်ကျဆင်းလေ့ရှိသည်။
ဂျက်ဖ်သည် ၎င်း၏ အဖွဲ့သားများသုံးသော ကားများကို မကြာခဏ စခန်းအပြင်ထွက်ကာ ပြုပြင်ပေးရလေ့ ရှိသည်။
(ဂျက်ဖ်က ထိုဒေသ၏ ကြောက်မက်ဖွယ် အပူချိန်ကျဆင်းမှုကို ပြသရန် ရေဘူးမှ ရေများကို ဖြန်းပက်ပြနေပုံ။ ဓာတ်ပုံ-Jeff Capps/SWNS)
(သုတေသန အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် အေးခဲတောင့်တင်းသွားသော ဘီယာလောင်းထည့်ထားပုံနှင့် ဂျပန်ခေါက်ဆွဲပြုတ်တို့ကို တွေ့ရပုံ။ ဓာတ်ပုံ-Jeff Capps/SWNS)
ဆောင်းရာသီတွင် ဂျက်ဖ်အပြင်ဘက်သို့ထွက်ကာ အလုပ်လုပ်ရချိန်များ၌ အပူချိန်မှာ အနှုတ် ၇၆ ဒီဂရီအထိ ကျဆင်းမှုမျိုးနှင့် ယှဉ်ဆိုင်ရလေ့ရှိသည်။
တောင်ဝင်ရိုးစွန်းတွင် အခြားသော ဆိုးရွားသည့် ရာသီဥတုဆိုင်ရာအချက်တစ်ခုမှာ နေအလင်းရောင်မရှိခြင်း ဖြစ်သည်။
ထိုဒေသတွင် ၆ လတာကာလမှာ နေအလင်းရောင် ကင်းမဲ့ပြီး အခြား ၆ လမှာ ၂၄ နာရီလုံး နေ့ကာလဖြစ်သည်။
ဆောင်းရာသီတွင် မည်သည့်အခါမှ နေမထွက်။
နွေရာသီတွင် မည်သည့်အခါမှ နေမဝင်။
(တောင်ဝင်ရိုးစွန်းဒေသ၏ အစိမ်းရောင်အလင်းတန်းများ၏ နောက်ဘက်ဆီတွင် မှုန်ပြပြ နေအလင်းရောင်ကို တွေ့ရပုံ။ ဓာတ်ပုံ-Jeff Capps/SWNS)
(ဤဒေသမှာ ပြင်ပကမ္ဘာနှင့် တသီးတခြားဖြစ်နေပြီး အနီးဆုံးဈေးဆိုင်မှာ မိုင် ၂၀၀၀ ခန့် ဝေးကွာသည်။ ဓာတ်ပုံ-Jeff Capps/SWNS)
(အပြင်ဘက်တွင် ထွက်ကာ အလုပ်လုပ်ရသည့် ကာလမျိုးတွင် အပူချိန်မှာ အနှုတ် ၇၆ ဒီဂရီအထိ ကျဆင်းမှုမျိုး နှင့် ရင်ဆိုင်ရလေ့ရှိသည်။ ဓာတ်ပုံ-Jeff Capps/SWNS)
(၆ လတာ နေရောင်မရှိ။ ကျန် ၆ လမှာ ၂၄ နာရီလုံး နေ့ကာလဖြစ်သည်။ ဓာတ်ပုံ-Jeff Capps/SWNS)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Car mechanic quits Colorado job for $80K gig in South Pole with minus 60-degree temps (nypost)
Photo Credit: Jeff Capps/SWNS