- ပင်မစာမျက်နှာ
- ကားသတင်းများ
- Apple ကုမ္ပဏီထုတ် Airtag ခြေရာခံစက်ဖြင့် ကားခိုးသူ Airtag ကြောင့်ပင် ဖမ်းဆီးခံရ
Apple ကုမ္ပဏီထုတ် Airtag ခြေရာခံစက်ဖြင့် ကားခိုးသူ Airtag ကြောင့်ပင် ဖမ်းဆီးခံရ
- 193 views
Airtag သည် ခြေရာခံပစ္စည်းဖြစ်ပြီး Apple ကုမ္ပဏီက ထုတ်လုပ်သည်။
Airtag ကို သော့ရှာပစ္စည်းအဖြစ် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ သော့များ၊ အိတ်များ၊ လျှပ်စစ်ပစ္စည်းများနှင့် ကားများ ရှာမရဖြစ်နေပါက အလွယ်တကူ ခြေရာခံနိုင်ရန် အသုံးပြုကြလေ့ရှိသည်။
iOS 14.5 နှင့်အထက် iPhone , iPad, iPod များဖြင့်သာ အသုံးပြုနိုင်ပြီး iPhone 11 နှင့်အထက် ဖုန်းများတွင် built-in ပါဝင်သော U1 chip ကိုသုံးကာ Ultra-wideband (UWB) နည်းပညာဖြင့် ပစ္စည်းများကို ခြေရာခံရှာဖွေခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်အစောပိုင်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် Airtag ဖြင့် ပစ္စည်းရှာဖွေမှု ၁ ဘီလီယံကျော် ရှိခဲ့သည်ဟု ဆိုသည်။
ယနေ့တွင်ကား ကမ္ဘာတစ်ဝန်းရှိ လူအချို့သည် ထိတ်လန့်ဖွယ်နည်းလမ်းများဖြင့် Airtag ကို တလွဲဆံပင်ကောင်း အသုံးပြုလာလျက်ရှိနေကြသည်။
Airtag ကို မိမိတို့ပစ်မှတ်ထားသော သားကောင်များ (သို့မဟုတ်) ယာဉ်များအား ခြေရာခံရန်အတွက် အသုံးပြုလာနေသည်။
ကားသူခိုးများက ကားခိုးရန်အတွက်လည်း Airtag ကို သုံးလာသည်။
သို့သော်ရဲတပ်ဖွဲ့ကလည်း ကားခိုးယူခံရ ပါက ခြေရာခံနိုင်ရန်အတွက် ကားပိုင်ရှင်များအား Airtag သုံးကြရန် အကြံပြုထားကြသည်။
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ Eagan မြို့မှ အသက် ၂၀ အရွယ် ကားသူခိုးသည် Apple ၏ Airtag မှာ အသွားနှစ်ဘက်ရှိသော ဓားတစ်လက်ဖြစ်ကြောင်း သိသွားသည်။
Airtag နည်းပညာဖြင့်ပင် ဖမ်းဆီးခံလိုက်ရရာ အမေရိကန်ပြည်ထောင်စုတစ်ဝန်း Airtag ဖြင့် ကားခိုးကြသည့် အကြောင်း ပေါ်ပေါက်သိရှိကာ ဂယက်ရိုက်သွားခဲ့သည်။
ရွန် ဘက်စ်ကက်ဇ် (Ron Vasquez) ဆိုသည့် အမျိုးသားက ကားဝယ်ရန် Facebook ရှိ ကားဝယ်ရောင်း ဂရုများတွင် ကားရှာဖွေခဲ့သည်။
ယင်းနောက် စိတ်ကြိုက်ကားတစ်စင်းတွေ့ကာ ထိုကားကို ကားပါကင်တစ်ခုတွင် ကြည့်ရှုရန် အရောင်းတင်သူ နှင့် ချိန်းဆိုခဲ့၏။
ဘက်စ်ကက်ဇ်က ထိုကားကို ကြည့်ရှုချိန်တွင် မသင်္ကာဖွယ်ရာများ တွေ့လာခဲ့သည်။
သော့များမှာ အသစ်များဖြစ်နေသည့်အပြင် ပိုင်ဆိုင်မှုစာရွက်စာတမ်းတို့မှာ မသင်္ကာဖွယ်များ ဖြစ်သည်။
VIN Code ကိုလည်း အွန်လိုင်းတွင် အရောင်းတင်စဉ်က မပြခဲ့။
ထိုစဉ်တွင် ဘက်စ်ကက်ဇ်၏ ဇနီးဖြစ်သူကိုင်ဆောင်သော iPhone သို့ သတိပေးချက်တစ်ခုဝင်လာသည်။
ထိုသတိပေးချက်ကား Airtag တစ်ခုက ကားကို ခြေရာခံနေကြောင်း သတိပေးချက်ဖြစ်သည်။
ကားရောင်းသူက ကားထဲတစ်နေရာတွင် Airtag ကို ထားရှိပြီး ကားရောင်းပြီးနောက်ပိုင်း တည်နေရာ ရှာဖွေရန် ထည့်သွင်းထားခြင်း ဖြစ်သည်။
ဘက်စ်ကက်ဇ်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ကားသူခိုးအကြောင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကားသူခိုးဟု သံသယရှိသူ အသက် ၂၀ အရွယ်လူငယ်က သူနှင့် သူ၏ သူငယ်ချင်းများ၏ ကားများကို အွန်လိုင်းတွင် အရောင်းကြော်ငြာတင်မှုများ ပြုလုပ်ခဲ့သည်။
ဝယ်လက်နှင့်တွေ့ချိန်တွင် သူက စာရွက်စာတမ်းအတုများ၊ ကားသော့အသစ်များ ပေးကာ ကား၏ VIN Code ကိုလည်း ကျွမ်းကျင်စွာ ပြောင်းလဲထားခဲ့သည်။
ဝယ်လက်က ကားအတွက် ငွေချေပြီး မောင်းထွက်သွားချိန်တွင် ကားသူခိုးက ကားထဲတွင် ထည့်ပေးလိုက်သော Airtag ဖြင့် ကားရပ်နားထားသောနေရာကို ရှာဖွေ၏။
ယင်းနောက် ထိုကားကို ပြန်လည်ခိုးယူကာ မူရင်း စာရွက်စာတမ်းများနှင့် မူရင်းသော့များကို ပြန်လည်သုံးစွဲသည်။
အဆိုပါ လူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာ အခြား ကား ၉ စင်းကိုလည်း Airtag သုံးကာ ပြန်လည်ခိုးယူ ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်လာသည်။
Airtag မှာ အရွယ်အစားသေးငယ်သောကြောင့် ကားထဲတွင် သိုဝှက်ထားရှိရန် လွယ်ကူသည်။
သို့သော် Apple က Airtag တွင် ခြေရာခံမှုများကို တိုက်ဖျက်နိုင်သည့် စနစ်လည်း ထည့်သွင်းထားရာ အနီးဝန်းကျင်ရှိ iPhone များကို Airtag က သတိပေးချက် ပေးပို့မှု ပြုလုပ်ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဘက်စ်ကက်ဇ်၏ ဇနီးကိုင်သော iPhone သို့ သတိပေးချက် ဝင်လာခဲ့ခြင်း ဖြစ်သည်။
ကားခိုးသူကို ယခုစက်တင်ဘာလအတွင်း ရုံးတင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Thief Sells Cars, Uses AirTag to Steal Them Back, Eventually Betrayed by Own AirTag (autoevolution)