• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD က Tesla ကို ကျော်တက်သွားခြင်းအား တွေ့မြင်နေရသည်မှာ ကြေကွဲဖွယ်ကောင်းကြောင်း ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Citadel တည်ထောင်သူ Ken Griffin ပြော

BYD က Tesla ကို ကျော်တက်သွားခြင်းအား တွေ့မြင်နေရသည်မှာ ကြေကွဲဖွယ်ကောင်းကြောင်း ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Citadel တည်ထောင်သူ Ken Griffin ပြော

  • 321 views

BYD သည် EV နယ်တွင် ထိပ်ဆုံး၌ရှိနေသော Elon Musk ကို နောက်ဆုံးတွင် အလဲထိုးအနိုင်ယူသွားခဲ့ရာ ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Citadel တည်ထောင်သူ Ken Griffin မှာ များစွာစိတ်ပျက်လျက် ရှိနေသည်။

Ken Griffin က CNBC သတင်းဌာနသို့ ပြောသည်မှာ Warren Buffett ကျောထောက်နောက်ခံပြု တရုတ်ပြည် မှ ကားထုတ်လုပ်သူ BYD က ကမ္ဘာ့အရောင်းရဆုံး EV ထုတ်လုပ်သူဟူသော ရပ်တည်မှုကို Tesla အား ဖြတ်ကျော်သွားခြင်းအား တွေ့မြင်နေရသည့်အခိုက်အတန့်မှာ ကြေကွဲဖွယ်ရာဖြစ်ကြောင်း ပြောသည်။

အနောက်နိုင်ငံများအနေဖြင့် ဈေးသက်သာသော တရုတ်လျှပ်စစ်ကားများ လှိုင်းလုံးများသဖွယ် ဝင်လာနေ သည်ကို ကိုင်တွယ်ရန် မဟာဗျူဟာတစ်ခု ချမှတ်သင့်ကြောင်း ၎င်းက သတိပေးလိုက်သည်။

“တကမ္ဘာလုံး ရောင်းအားပမာဏမှာ BYD က Tesla ကို ဖြတ်ကျော်သွားတာကို တွေ့နေရတာဟာ အတော်လေးကို ကြေကွဲစရာ အခိုက်အတန့်ပါပဲ”ဟု မိုင်အမ်မီရှိ MFA Network ကွန်ဖရင့်တွင် CNBC သတင်း ဌာနသို့ Griffin က ပြောသည်။

“တရုတ်ပြည်ရဲ့ စီးပွားရေးဟာ လူပေါင်း ၁ ဒသမ ၄ ဘီလီယံကို ကိုယ်စားပြုနေတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ မျက်ခြည်ပြတ်နေကြပါတယ်။ 

ဒါကြောင့် သူတို့ဟာ စီးပွားရေးနဲ့ ပတ်သက်ရင် ကြီးမားတဲ့ အားသာချက်ရှိတယ်ဆိုတာ ရိုးစင်းပါတယ်။ သိပ္ပံနဲ့ နည်းပညာဘွဲ့ရတွေ ၄ ဆလောက် မွေးထုတ်ပေးနိုင်တဲ့ ပညာရေးစနစ်ကောင်းလည်း ရှိပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ကုန်သွယ်ရေး အတားအဆီးများ မထားရှိပါက တရုတ်ပြည်ထုတ် EV ကုမ္ပဏီများသည် အနောက်နိုင်ငံများမှ ပြိုင်ဘက်များအားလုံးကို ချေမှုန်းသွားလိမ့်မည်ဖြစ်ကြောင်း Elon Musk က သတိပေးလိုက်ပြီးနောက်ပိုင်း Ken Griffin ၏ ပြောကြားချက် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

BYD သည် ဇန်နဝါရီလအစောပိုင်းတွင် ကမ္ဘာ့အကြီးမားဆုံး EV ကုမ္ပဏီအဖြစ် Tesla ကို ဖြတ်ကျော်သွားခဲ့သည်။

တရုတ်ပြည်တွင်း လျှပ်စစ်ဈေးကွက်တွင် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လာသောကြောင့် BYD နှင့် တရုတ် ပြည်တွင်း EV ကုမ္ပဏီတို့သည် ပြည်ပတွင် ဈေးကွက်ချဲ့ထွင်ရန် စီစဉ်လာလျက် ရှိသည်။

“ကျွန်တော်တို့ဟာ တရုတ်ပြည်မှာ တကယ့်ပြိုင်ဘက် ရှိလာနေပါပြီ။ Elon Musk ပြောတာ မှန်ပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ဒီအကြောင်းရပ်ကို ကိုင်တွယ်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်”ဟု Griffin က CNBC သတင်းဌာနသို့ ပြောသည်။

“ကယ်လီဖိုးနီးယားမှာ ကြိုမြင်နိုင်တဲ့ အနာဂတ်ကာလအတွင်း ICE ကားတွေ ဝယ်ကြတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တရုတ်ပြည်ထုတ် ကားတွေ ဝယ်နေကြတာမျိုး ဖြစ်လာစေလိမ့်မလား။ ဘာကြောင့်လဲ ဆိုတော့ အဲဒါက အမေရိကန်နိုင်ငံသားတွေအတွက် ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်နေလို့ပါပဲ”ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ထိုအချက်မှာ သောက်သုံးရန် ခက်ခဲမည့် ဆေးခါးကြီးတစ်ခွက်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Ken Griffin says watching Chinese EV firm BYD overtake Tesla was 'heartbreaking'  (businessinsider)

Photo Credit:  Vernon Yuen/Getty Images