၂၀၂၃ ခုနှစ် ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူဟူသော သရဖူကို Toyota ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့

  • 511 views

 

၂၀၂၃ ခုနှစ်အတွင်း ကားအစင်းရေ ၁၁ ဒသမ ၂ သန်း ရောင်းချခဲ့ရကြောင်း Toyota Motor က ပြီးခဲ့သော အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုပမာဏမှာ ၂၀၁၉ ခုနှစ်က စံချိန်ဖြစ်သော အစင်းရေ ၁၀ ဒသမ ၇ သန်းကို ဖြတ်ကျော်သွားခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် Toyota သည် ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူဟူသော သရဖူကို ၄ နှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဂျပန်၊ မြောက်အမေရိကနှင့် ဥရောပတို့တွင် ရောင်းအားမြင့်တက်ခဲ့ပြီး တရုတ်ပြည်တွင်မူ ရောင်းအား ကျဆင်းခဲ့သည်။

ဂျပန်ကားထုတ်လုပ်သူ Toyota သည် ပြီးခဲ့သောနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ရောင်းအား ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထိုအထဲတွင် Toyota ၏ ထရပ်ကားထုတ်လုပ်သည့် ကုမ္ပဏီ Hino Motors နှင့် ကားငယ်ထုတ်လုပ်သော ကုမ္ပဏီ Daihatsu တို့၏ ရောင်းအားများလည်း ပါဝင်သည်။

၎င်းတို့၏ ပြည်ပရောင်းအားမှာ အစင်းရေ ၈ ဒသမ ၉ သန်းအထိ စံချိန်တင် ရောင်းချခဲ့ရသည်။

ဒုတိယနေရာတွင် ရပ်တည်နေသော ဂျာမန်ကားထုတ်လုပ်သူ Volkswagen က ယခုလအစောပိုင်းတွင် ပြီးခဲ့သောနှစ် ရောင်းအားကို ထုတ်ပြန်ခဲ့သည်။

Volkswagen သည် ပြီးခဲ့သောနှစ်အတွင်း ရောင်းအား ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစင်းရေ ၉ ဒသမ ၂ သန်း ရောင်းချခဲ့ရသည်ဟု ဆိုသည်။

ထိုပမာဏမှာ ၂၀၂၂ ခုနှစ်ကထက် ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

ကိုဗစ်ကပ်ဘေးလွန် ကာလတွင် supply chain အခက်အခဲများ ပြေလျော့သွားမှုကြောင့် ပြန်လည် ဦးမော့လာ ခြင်းလည်း ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း Toyota အမည်နှင့် Lexus အမှတ်တံဆိပ်တို့၏ ရောင်းအားမှာ ၁၀ ဒသမ ၃ သန်းရှိခဲ့သည်။

ယင်းအနက် ဓာတ်ဆီလျှပ်စစ် Hybrid ကားများမှာ ၃ ပုံ ၁ ပုံခန့် ပါဝင်သည်။

လျှပ်စစ်ကားပမာဏမှာ ၁ ရာခိုင်နှုန်းအောက်နည်းပါးသည်။

၂၀၂၃ ခုနှစ်အတွင်း Toyota ၏ တကမ္ဘာလုံးအတိုင်းအတာ ကားထုတ်လုပ်မှု ပမာဏမှာ ၈ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစင်းရေ ၁၁ ဒသမ ၅ သန်း ထုတ်လုပ်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Toyota keeps crown as world's top-selling automaker in 2023 (marketscreener)  

 Photo Credit:  Acquire Licensing Rights