- ပင်မစာမျက်နှာ
- ကားသတင်းများ
- လျှပ်စစ်ကား အားသွင်းနေရာများ ဆောက်လုပ်ရန် Elon Musk က အမေရိကန်အစိုးရထံမှ ဒေါ်လာ သန်း ၁၀၀ တောင်းခံ
လျှပ်စစ်ကား အားသွင်းနေရာများ ဆောက်လုပ်ရန် Elon Musk က အမေရိကန်အစိုးရထံမှ ဒေါ်လာ သန်း ၁၀၀ တောင်းခံ
- 118 views
Tesla သည် ပြီးခဲ့သောနှစ်က Semi ဟု အမည်ပေးထားသော လျှပ်စစ်သုံး ဆီမီးထရပ်ကားများ အမှာစာ စတင်လက်ခံခဲ့ပြီး ယခုအခါ Tesla သည် ကယ်လီဖိုးနီးယားမှ တက္ကဆပ်ပြည်နယ်အကြား အားသွင်းစခန်းများ ဆောက်လုပ်ရန် အမေရိကန်အစိုးရထံမှ ဘက်ဂျက်ငွေ ချထားပေးမှု ရရှိဖွယ် ရှိနေသည်။
Semi ကားများအတွက် အားသွင်းစခန်း ၉ ခုတည်ဆောက်ရန် Tesla က အမေရိကန်အစိုးရထံ တောင်းဆိုထား ကြောင်း CleanTechnica နှင့် Bloomberg သတင်းဌာနတို့က ဖော်ပြသည်။
အဆိုပါ အားသွင်းစခန်းများကို ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းနှင့် တက္ကဆပ်ပြည်နယ်တောင်ပိုင်း နယ်စပ်အကြား ဆောက်လုပ်သွားဖွယ်ရှိသည်။
အားသွင်းစခန်းတစ်ခုစီတိုင်းတွင် ၇၅၀ ကီလိုဝပ် အားသွင်းစက် ၈ ခုနှင့်အထက် တပ်ဆင်မည်ဖြစ်ရာ အားသွင်းစခန်း ၉ ခုတွင် Semi ကား အနည်းဆုံး ၈ စီး တပြိုင်တည်း အားသွင်းနိုင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ရန်ပုံငွေ ချထားပေးရန် ပြည်ထောင်စုအစိုးရအား တောင်းဆိုပေးရေးနှင့် စပ်လျဉ်းပြီး Tesla က တက္ကဆပ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့အား တိုက်တွန်းထားသည်။
Semi နမူနာကားကို ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်မှ Pepsi ကုမ္ပဏီက ကား ၁၅ စင်း ရရှိခဲ့ကာ လမ်းများပေါ်သို့ Semi များ စတင်ရောက်ရှိခဲ့သည်။
CleanTechnica ၏ ဖော်ပြချက်အရ Semi သည် ဈေးကွက်အတွင်းတွင် ပထမဆုံးသော ၁၆ ဘီး လျှပ်စစ်ကား ဖြစ်ကြောင်း ဖော်ပြသည်။
ကျွန်ုပ်တို့၏ ကမ္ဘာမြေကို အန္တရာယ်များသော အပူချိန်မြင့်မားနေမှု နှေးကွေးစေရန် Semi ကဲ့သို့ Clean Energy သုံးသည့် ကုန်တင်ယာဉ်များ မရှိမဖြစ် လိုအပ်သည်။
ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ချိန်တွင် လေထုညစ်ညမ်းမှု ပမာဏ လျှော့ချနိုင်ရန် အရေးကြီးသည်။
၂၀၁၅ ခုနှစ် အချက်အလက်များအရ အမေရိကန်ပြည်ထောင်စု၏ တစ်ရက်တာ ကုန်စည်အဝင်အထွက် ပမာဏမှာ တန်ချိန် ၄၉ ဒသမ ၅ သန်း ရှိသည်ဟုဆိုရာ ထိုပမာဏ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ရေနံစည်ပေါင်း ၁ ဘီလီယံ လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆီသုံး ထရပ်ကားများသည် အန္တရာယ်ရှိသော လေထုညစ်ညမ်းမှု အလျင်မြန်ဆုံး ဖြစ်စေသည့် အရာများတွင် ပါဝင်ကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Semi ကဲ့သို့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့်စွမ်းအင်သုံး ယာဉ်များမှာ ကမ္ဘာကြီးပူနွေးစေသည့် အကြောင်းရင်းဖြစ်သော လောင်စာဆီ စွမ်းအင်များ မသုံးစွဲဘဲ ကုန်စည်များ သယ်ယူပို့ဆောင် နိုင်ကြသည်။
Tesla ၏ ဘက်ဂျက်ငွေ တောင်းခံမှုကို ယခုနှစ်ကုန်ပိုင်းတွင် အမေရိကန်အစိုးရက အတည်ပြုပေးဖွယ် ရှိသည်ဟု မျှော်လင့်ရသည်။
သို့သော် အစိုးရက ပယ်ချခဲ့လျှင် Tesla အနေဖြင့် ယခုစီမံကိန်းကို ကိုယ်ပိုင်ငွေဖြင့် ရင်းနှီးမြှပ်နှံသွားဖွယ်ရှိမရှိ ကိုမူ မသိရသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ELON MUSK JUST REQUESTED $100 MILLION FROM THE US GOVERNMENT FOR AN AMBITIOUS NEW PROJECT — HERE’S HIS PLAN (thecooldown)