တရုတ်ထိပ်သီး EV ထုတ်လုပ်သူ BYD က အာဆီယံနိုင်ငံများတွင် ဈေးကွက်ချဲ့ထွင်ရန် စီစဉ်လျက်ရှိ

  • 285 views

တရုတ်ထိပ်သီး EV ထုတ်လုပ်သည့်ကုမ္ပဏီကြီး BYD သည် အာဆီယံနိုင်ငံများတွင် ဈေးကွက်ချဲ့ထွင်ရန် ရည်မှန်းထားပြီး စင်္ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် အရောင်းပြခန်းများ ၂ ဆတိုးဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်။

BYD သည် အင်ဒိုနီးရှားဈေးကွက်သို့လည်း မကြာသေးမီက ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

BYD သည် ကမ္ဘာ့ထိပ်တန်း EV ထုတ်လုပ်သူအဖြစ် Elon Musk ၏ Tesla ကို ဖြတ်ကျော်ထားသည်။

ယခုအခါ BYD က စင်္ကာပူနှင့် ဖိလစ်ပိုင်တို့တွင် အရောင်းပြခန်းပေါင်း တစ်ဒါဇင်ကျော် ထပ်မံဖွင့်လှစ်လိုလျက် ရှိကြောင်း အဆိုပါ ဈေးကွက် ၂ ခုလုံး၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ James Ng က ပြောသည်။

စင်္ကာပူအနောက်ပိုင်းတွင် လျှပ်စစ်ကား မက္ကင်းနစ်များ မွေးထုတ်ပေးမည့် အဆောက်အအုံ ဖွင့်လှစ်ပွဲတွင် James Ng က Nikkei Asia သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဆောက်အအုံသည် စင်္ကာပူမှ အလုပ်သမား သမဂ္ဂဖြစ်သော National Trades Union Congress (NTUC) ၏ လေ့ကျင့်ရေးနှင့် ပညာရေးဆိုင်ရာ ဌာနဖြစ်သော NTUC LearningHub နှင့် BYD တို့ ပူးတွဲ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

“အာဆီယံဈေးကွက်ကို ကြည့်မယ်ဆိုရင် ယဉ်ကျေးမှုအရ တရုတ်ယဉ်ကျေးမှုနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် အခြေခံအားဖြင့် ကျွန်တော်တို့ ဘာပဲထုတ်လုပ်သည်ဖြစ်စေ အာဆီယံက ဖောက်သည်တွေရဲ့ အလေ့အထ တွေက BYD ကို အသိအမှတ်ပြုတာ ဖော်ပြနေပါတယ်။ ”

ဇန်နဝါရီလလယ်ပိုင်းတွင် BYD သည် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ၏ စီးပွားရေး အင်အားအကြီးမားဆုံးဖြစ်သော အင်ဒိုနီးရှား ဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။

အင်ဒိုနီးရှားဈေးကွက်တွင်ကားမော်ဒယ် ၃ ခု ဖြန့်ချိခဲ့ရာ Seal Sedan, Atto 3 sports နှင့် Dolphin hatchback တို့ ဖြစ်သည်။

BYD သည် စင်္ကာပူနှင့် ဖိလစ်ပိုင်တို့တွင် ပြည်တွင်း ဖြန့်ချိသူများမှတဆင့် ၎င်း၏ EV များကို ရောင်းချပေးခြင်း ဖြစ်ကြောင်း James Ng က ပြောသည်။

စင်္ကာပူတွင် Sime Darby Motors နှင့်လည်းကောင်း ဖိလစ်ပိုင်တွင် Ayala ကုမ္ပဏီနှင့်လည်းကောင်း လက်တွဲ ဆောင်ရွက်လျက် ရှိသည်။

Ayala ၏ ကားကုမ္ပဏီခွဲဖြစ်သော AC Motors က BYD ထုတ် လျှပ်စစ်ကားများကို ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပေးခြင်းတို့ ပြုလုပ်မည် ဖြစ်သည်။

ဖိလစ်ပိုင်တွင် BYD ထုတ် လျှပ်စစ်ကားများ ရောင်းချပေးသည့် အရောင်းပြခန်း ၁၀ ခုကျော်ရှိပြီး ယခုနှစ်အတွင်း အရောင်းပြခန်း ၂၀ ကျော် ထပ်မံ ဖွင့်လှစ်ရန် စီစဉ်နေသည်။

စင်္ကာပူတွင် လက်ရှိအားဖြင့် အရောင်းပြခန်း ၇ ခုရှိပြီး နောက်ထပ် ၂ ခု (သို့မဟုတ်) ၃ ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားသည်။

 

(BYD က စင်္ကာပူတွင် တစ်နှစ်လျှင် လျှပ်စစ်ကား ကျွမ်းကျင် စက်ပြင်ဆရာ ၅၀၀ ဦး လေ့ကျင့်ပေးသွားရန် ရည်မှန်းထားသည်။ ဓာတ်ပုံ-Dylan Loh)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Chinese EV leader BYD makes aggressive push in ASEAN  (asia.nikkei) 

 Photo Credit:  Dylan Loh