- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ EV များကို ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒဖြင့်သာ တားဆီးနိုင်မည်ဟု Elon Musk ပြောကြား
တရုတ်ပြည်မှ EV များကို ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒဖြင့်သာ တားဆီးနိုင်မည်ဟု Elon Musk ပြောကြား
- 140 views
တရုတ်ပြည်မှ EV ထုတ်လုပ်သူတို့သည် Elon Musk နှင့် Tesla အား စတင်စိတ်ဒုက္ခပေးနိုင်နေပြီ ဖြစ်သည်။
တရုတ်ပြည်တွင် ဈေးကွက်ဝေစုရရန် ကာလကြာရှည်တိုက်ပွဲဝင်ခဲ့ပြီးနောက် Tesla ၏ စီအီးအိုက ဥရောပ ကားထုတ်လုပ်သူတို့အား သတိပေးလိုက်သည်မှာ တရားမျှတစွာ ယှဉ်ပြိုင်နေကြသည့် အခြေအနေမျိုးတွင် တရုတ်ကားထုတ်လုပ်သူတို့သည် အားလုံးကို ကျော်တက်သွားလိမ့်မည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ အကဲခတ်မှုအရ တရုတ်ကားကုမ္ပဏီတွေဟာ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံးပါပဲ”ဟု Elon Musk က ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
“ကုန်သွယ်ရေး အတားအဆီးတွေသာ ချမှတ်မထားဘူးဆိုရင် သူတို့ဟာ ကမ္ဘာပေါ်က တခြားကားကုမ္ပဏီ အများစုကို ဖျက်ဆီးသွားပါလိမ့်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တရုတ် EV များနှင့် စပ်လျဉ်းပြီး Elon Musk ၏ လေသံမှာ ၂၀၁၁ နောက်ပိုင်း အကြီးအကျယ် ပြောင်းလဲသွား ခဲ့သည်။
ထိုစဉ်ကမူ BYD ကဲ့သို့သော တရုတ်ထုတ်ကားများမှာ အရည်အသွေးမမှီကြောင်း ပြောခဲ့ဖူးသည်။
ပြီးခဲ့သောနှစ် မေလကမူ BYD ထုတ်ကားများမှာ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားကြောင်း အသိအမှတ်ပြုလာရသည်။
ယင်းနောက် ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင် Elon Musk က ပြောခဲ့သည်မှာ ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူ ၁၀ ဦးစာရင်းတွင် Tesla နှင့် တရုတ်ကုမ္ပဏီ ၉ ခု ဖြစ်လာနိုင်ကြောင်း ပြောလာခဲ့သည်။
EV ဈေးကွက်သို့ အစောဆုံးခြေချခဲ့သူ Tesla သည် BYD ထံမှ ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရလျက် ရှိသည်။
၂၀၂၃ ခုနှစ် ၊ စတုတ္ထ ၃ လပတ်တွင် BYD သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံး EV ထုတ်လုပ်သူအဖြစ် Tesla ကို ဖြတ်ကျော် သွားခဲ့သည်။
ပြီးခဲ့သောနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအထိ ၃ လတာအတွင်း BYD သည် လျှပ်စစ်ကား အစင်းရေ ၅၂၆၄၀၉ ရောင်းချခဲ့ကြရာ Tesla ထက် အစင်းရေ ၄၀၀၀၀ ခန့် ပိုမိုရောင်းချခဲ့ရသည်။
တရုတ်အစိုးရသည် တရုတ် EV နယ်ပယ်ကို ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ထောက်ပံ့မှုများ အလုံးအရင်း ပြုလုပ်ပေးခဲ့သည်။
ထိုသို့ အစိုးရ၏ ပံ့ပိုးပေးမှုအပေါ် အနောက်နိုင်ငံတို့တွင် လွှတ်တော်အမတ်တို့က စစ်ဆေးသုံးသပ် လာလျက် ရှိသည်။
ပြီးခဲ့သော စက်တင်ဘာလအတွင်း ဥရောပကော်မရှင်က တရုတ်ပြည်ထုတ် EV အမှတ်တံဆိပ်များကို အစိုးရ၏ ထောက်ပံ့မှု ရယူထားခြင်းရှိမရှိ စစ်ဆေးခဲ့သည်။
ယင်းနောက် လအနည်းငယ်အကြာတွင် အမေရိကန်အစိုးရက တရုတ်ထုတ် ဘက်ထရီ အစိတ်အပိုင်းများ အသုံးပြုထားသည့် ကားများအား သုံးစွဲသူအခွန်သက်သာခွင့် ပေးအပ်ခြင်း ပိတ်ပင်ခဲ့သည်။
Tesla သည် ကားပစ္စည်းအစိတ်အပိုင်းအချို့ကို CATL ထုတ် ပစ္စည်းများ အသုံးပြုထားသည်။
CATL မှာ တရုတ်ပြည်မှ ဘက်ထရီ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Tesla CEO Elon Musk says protectionism is the only thing stopping China’s cheap EVs from demolishing the competition (finance)
Photo Credit: Getty Images