- ပင်မစာမျက်နှာ
- ကားသတင်းများ
- (၂၀၂၃) ခုနှစ်အတွင်း မှတ်ပုံတင်ထားတဲ့ EV ဆိုင်ကယ်နှင့်သုံးဘီး အစီးရေ (၂၇၀၀)ကျော်ရှိနေ
(၂၀၂၃) ခုနှစ်အတွင်း မှတ်ပုံတင်ထားတဲ့ EV ဆိုင်ကယ်နှင့်သုံးဘီး အစီးရေ (၂၇၀၀)ကျော်ရှိနေ
- 221 views
(၂၀၂၃) ခုနှစ်ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်အထိ မှတ်ပုံတင်ထားတဲ့ EV ဆိုက်ကယ်နဲ့သုံးဘီး အစီးရေ (၂၇၀၀) ကျော်ရှိနေတယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီအနေနဲ့ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ EV လူစီးမော်တော်ကားတွေသာမကဘဲ EV ဆိုက်ကယ်နဲ့သုံးဘီးယာဉ်တွေကိုပါ တင်သွင်းခွင့်ပေးနေတာဖြစ်ပါတယ်။
လက်ရှိဈေးကွက်ထဲမှာတော့ EV ဆိုက်ကယ်တစ်စီးကို ကျပ်သိန်း (၃၀) ကျော် ပေါက်ဈေးရှိနေသလို EV သုံးဘီးဈေးဟာလည်း မော်ဒယ်နဲ့ အမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၅၀) ကျော် ပေါက်ဈေးရှိနေတယ်လို့ EV ဆိုက်ကယ် အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တချို့မှာ ဆိုက်ကယ်စီးနင်းခွင့်ကို ကန့်သတ်ထားပေမယ့် မြေပြင်မှာတော့ ဆိုက်ကယ်နဲ့သုံးဘီးစီးနင်းသူတွေ ရှိနေပြီး EV ဆိုက်ကယ်တွေကို လူကြိုက်များနေပါတယ်။
စည်ပင်သာယာနယ်နိမိတ် ပြင်ပမြို့နယ်ဖြစ်တဲ့ ဒလမြို့နယ်ကိုတော့ သုံးဘီးစီးနင်းခွင့်ပြုထားပါတယ်။ လောင်စာဆီသုံး သုံးဘီးဈေးနှုန်းတွေဟာ ကျပ်သိန်း(၂၀၀) ဝန်းကျင်မှာ ပေါက်ဈေးရှိနေလို့ ဈေးသက်သာတဲ့ EV သုံးဘီးတွေကို လူကြိုက်များလာကြတယ်လို့ သုံးဘီးအရောင်းဆိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်အတွင်း EV ဆိုက်ကယ် အစီးရေ(၂၅၀၀) နဲ့ EV သုံးဘီးအစီးရေ (၂၂၀) တို့ကို မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com