YBS ယာဉ်လိုင်းတချို့ ယာဉ်စီးခတိုးမြှင့်ကောက်ခံမည်

  • 254 views


ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတချို့ ယာဉ်စီးခနှုန်းထားတွေကိုတိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်လို့ ယာဉ်လိုင်းတချို့ကကြေညာထားပါတယ်။ အရင်က ယာဉ်စီးခငွေကျပ် (၃၀၀) သတ်မှတ်ထားရာကနေ ငွေကျပ် (၄၀၀) နှုန်း ပြောင်းလဲကောက်ခံသွားမှာဖြစ်တယ်လို့ ယာဉ်လိုင်းတချို့က ဇန်နဝါရီလ(၂၈) ရက်နေ့ကကြေညာထားပါတယ်။

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ ဗန္ဓူလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းတွေဖြစ်တဲ့ YBS 12, 13, 14, 25, 30, 38, 55, 117, 128 ယာဉ်လိုင်းတွေကို စီးနင်းသူတွေအနေနဲ့ YPS ကတ်၊ QR Code နဲ့ ယာဉ်စီးခပေးချေပါက ငွေကျပ် (၃၀၀) ကျသင့်မှာဖြစ်ပြီး ငွေသားနဲ့စီးနင်းပါက ငွေကျပ် (၄၀၀) ကျသင့်မှာဖြစ်ပါတယ်။

YBS ယာဉ်စီးခနှုန်းတွေကို တရားဝင်ကြေညာထားတာမရှိဘဲ သတ်မှတ်နှုန်းထားထက် တိုးမြှင့်ကောက်ခံမှုတွေရှိနေလို့ ခရီးသွားပြည်သူတွေအကြားမှာဝေဖန်မှုတွေရှိနေတာပါ။ ဒါပေမယ့် အခုလက်ရှိမှာတော့ တရားဝင်ကြေညာပြီး ယာဉ်စီးခနှုန်းထားတွေပြောင်းလဲလိုက်တာဖြစ်ပါတယ်။

YRTC အနေနဲ့ ယာဉ်စီးခနှုန်းထားတွေကို သတ်မှတ်ထားတဲ့အတိုင်းမကောက်တာအပြင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ချိုးဖောက်တဲ့ YBS ယာဉ်မောင်းတွေကိုအရေးယူမှုတွေလုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်အတွင်း ရန်ကုန်မှာစည်းကမ်းချိုးဖောက်လို့ အရေးယူထားတဲ့ YBS အမှုပေါင်းသောင်းနဲ့ချီ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေသိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com