ဘက်ထရီဈေးနှုန်းစစ်ပွဲ

  • 412 views

လျှပ်စစ်ကား (EV) တို့၏ ဈေးနှုန်းစစ်ပွဲ ဆက်လက်အရှိန်ကောင်းနေချိန်တွင် ကားဘက်ထရီ နယ်ပယ်တွင် လည်း ဈေးနှုန်းစစ်ပွဲ ဆင်နွွှဲကြလျက်ရှိရာ ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီထုတ်လုပ်သော ကုမ္ပဏီကြီးများမှာ ဘက်ထရီဈေးများကို အပြိုင်အဆိုင်လျှော့ချပေးလာကြလျက်ရှိသည်။

ကမ္ဘာ့ထိပ်တန်း ဘက်ထရီထုတ်လုပ်သည့် တရုတ်ပြည်မှ ကုမ္ပဏီကြီးဖြစ်သော CATL (Comtemporary Amperex Technology Co.,Limited) သည် ၎င်း၏ ဈေးကွက်တွင် ထိပ်ဆုံး၌ ရပ်တည်နေမှု အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ထုတ်လုပ်ရေးလိုင်းကို ပြန်လည်စီမံမှုများ ပြုလုပ်နေပြီး ဘက်ထရီ ဈေးနှုန်းများ ဆက်လက်လျှော့ချပေးလျက်ရှိကြောင်း တရုတ်ပြည်တွင်း သတင်းမီဒီယာတစ်ခု ဖြစ်သော 36kr သတင်းဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ဖော်ပြသည်။

CATL က လျှပ်စစ်ကားထုတ်လုပ်သူများထံ တင်သွင်းပေးနေသည်မှာ 173-Ah ‘VDA’ အရွယ်စားရှိ လီသီယမ် အိုင်းယွန်း ဖော့စ်ဖိတ် (LFP) ဘက်ထရီများဖြစ်ပြီး 2.2 ‘C’ အမြန်အားသွင်းနှုန်း ရှိကြောင်း 36kr သတင်းတွင် ဖော်ပြသည်။

VDA ဟူသည်မှာ ဘက်ထရီအရွယ်အစားကို ရည်ညွှန်းသည့် အခေါ်အဝေါ်ဖြစ်ပြီး အလျား ၁၄၈ မီလီမီတာ၊ အနံ ၂၅ ဒသမ ၅ မီလီမီတာနှင့် အမြင့် ၉၁ မီလီမီတာ ဖြစ်သည်။

C ဟူသည်မှာ ဘက်ထရီအားသွင်းအမြန်နှုန်းကို ရည်ညွှန်းပြီး 2C မှာ ဘက်ထရီကို နာရီဝက်အတွင်း အားအပြည့်သွင်းနိုင်ကြောင်း ရည်ညွှန်းသည်။

လျှပ်စစ်ကားများအတွက် ထုတ်လုပ်သည့် အဆိုပါဘက်ထရီများကို ဈေးနှုန်းမြင့်တက်ခြင်းမရှိဘဲ ပိုမိုကောင်းမွန်သည့် အရည်အသွေးဖြင့် ထုတ်လုပ်လာကြခြင်းဖြစ်ပြီး ဈေးနှုန်းမှာ ယွမ်ငွေ ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၁၃,၉၀၀) မှ ယွမ် ၂၀၀,၀၀၀ ကြားဖြင့် ရောင်းချလျက် ရှိသည်။

EV ထုတ်လုပ်သူများစွာသည် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် CATL ထုတ် ဘက်ထရီကို ပြောင်းလဲအသုံးပြုကြ လိမ့်မည်ဖြစ်ပြီး 1 Wh လျှင် ၀ ဒသမ ၄ ယွမ်နှုန်းခန့်ဖြင့် ရနိုင်ကြမည် ဖြစ်ကြောင်း 36kr သတင်းတွင် ဖော်ပြသည်။

CATL သာလျှင် လက်ရှိအချိန်အထိ 2C ဘက်ထရီများကို ဈေးနှုန်းအနိမ့်ဆုံးဖြင့် ရောင်းချပေးနိုင်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

တရုတ်ထိပ်သီး EV ကုမ္ပဏီကြီးဖြစ်သော BYD ၏ ဘက်ထရီထုတ်လုပ်ရေး ကုမ္ပဏီခွဲဖြစ်သော FinDreams ကလည်း ဘက်ထရီဈေးနှုန်း ဆက်လက်လျှော့ချရန် ကုမ္ပဏီတွင်း သတိပေးထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့သည် ဟု 36kr သတင်းက ဖော်ပြသည်။

၂၀၂၄ ခုနှစ်အတွင်း FinDreams အနေဖြင့် ဈေးနှုန်းဆက်လက်လျှော့ချနိုင်ရေး ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီတွင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

BYD နှင့် CATL တို့သည် ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီထုတ်လုပ်သူများဖြစ်ပြီး CATL သည် တစ်ကမ္ဘာလုံး အတိုင်းအတာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ ကာလအတွင်း ဈေးကွက်ဝေစု ၃၇ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး BYD မှာ ဈေးကွက်ဝေစု ၁၅ ဒသမ ၇ ရာခိုင်နှုန်း ရရှိထားကြောင်း တောင်ကိုရီးယား ဈေးကွက်သုတေသနကုမ္ပဏီ SNE Research ၏ ဇန်နဝါရီလ ၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Battery price war: CATL, BYD pushing battery costs down further (cnevpost)

Photo Credit:  CnEVPost