Xaiomi က ထုတ်လုပ်မည့် ပထမဆုံးမော်တော်ကားအမည် ပေါက်ကြားလာ၊ Huawei ကလည်း လျှပ်စစ်ကား ထုတ်လုပ်တော့မည်

  • 266 views

တရုတ်ထိပ်သီးနည်းပညာကုမ္ပဏီကြီး Xaiomi က ပထမဆုံးဈေးကွက်တင်ရန် စီစဉ်ထားသော မော်တော်ကားအမည် ပေါက်ကြားလာသည်။

Xaiomi က အဆိုပါမော်တော်ကားကို လာမည့် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလတွင် ဈေးကွက်တင်ရန် ရည်မှန်းထားသည်။

Huawei သည်လည်း ကားထုတ်လုပ်သည့် လုပ်ငန်းအတွင်း ဝင်ရောက်လာသည်။

သို့သော် Huawei က သမရိုးကျ ကားထုတ်လုပ်သူများနှင့် လက်တွဲလုပ်ကိုင်ပြီး Smart စွမ်းရည်များရရန် ဆော့ဖ်ဝဲများ ထုတ်လုပ်ပေးသည်။

Xaiomi က ၎င်းတို့၏ ကားထုတ်လုပ်မှု စီမံကိန်းကို MS11 ဟု အမည်ပေးထားကြောင်း ယခင် သတင်းများတွင် ပေါ်ပေါက်ဖူးသော်လည်း ယခုပေါက်ကြားမှုအရ ပထမဆုံးကားကို Modena ဟု အမည်ပေးဖွယ်ရှိကြောင်း သိရသည်။

Modena သည် အီတလီမှ မြို့တစ်မြို့ဖြစ်ပြီး မော်တော်ကားထုတ်လုပ်မှု နယ်ပယ်တွင် ရှည်လျားသည့် သမိုင်းကြောင်း ရှိသည်။

ထိုမြို့သည် Lamborghini , Maserati , Ferrari နှင့် Pagani တို့အပါအဝင် မော်တော်ကား တပ်ဆင်သော စက်ရုံများစွာ တည်ရှိသည့်နေရာ ဖြစ်သည်။

Xaiomi က ကားနာမည်ကို အဘယ်ကြောင့် Modena ဟု အမည်ပေးရသည်ကို မသိရချေ။

Xaiomi က ဤကားကို ထုတ်လုပ်ရန်အတွက် အီတလီကားကုမ္ပဏီတစ်ခုခုနှင့် လက်တွဲ လုပ်ကိုင်နေမှု ရှိမရှိကိုလည်း မသိရချေ။

တရုတ်သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Xaiomi သည် ပေကျင်းမြို့တွင် စက်ရုံသစ်တစ်ခုရှိပြီး မော်တော်ကား အလုံးအရင်းထုတ်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြောင်း ၊ လာမည့်နှစ်တွင် ကားအစင်းရေ ၁၀၀,၀၀၀ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြသည်။

စမ်းသပ်ထုတ်လုပ်မှုမှာ စတင်နေပြီဖြစ်သော်လည်း တစ်ပတ်လျှင် နမူနာကား အစင်း ၅၀ ခန့်သာ ထုတ်လုပ်ရန် ကန့်သတ်ထားသည်။

Xaiomi သည် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Xiaomi Car Name Leaks, Company Rejecting Tesla and Mercedes Workers (autoevolution)