အရေးယူမှုကာလနီးကပ်လာတဲ့ City Taxi များ ဘေးစတေကာအဝါရောင်တပ်ဆင်မှု (၈၆) ရာခိုင်နှုန်းအထိ တပ်ဆင်ပြီးစီး

  • 117 views

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေမှာ ဘေးစတေကာအဝါရောင် တပ်ဆင်မှု (၈၆) ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ကနေသိရပါတယ်။ အဝါရောင်းဘေးစတေကာ တပ်ဆင်ခြင်းမရှိတဲ့ City Taxi ယာဉ်တွေကို ဖေဖော်ဝါလ(၁)ရက်နေ့ကနေ စတင်အရေးယူသွားမယ်လို့လည်း ညွှန်ကြားချက်မှာ ထုတ်ပြန်ထားပါတယ်။

City Taxi ယာဉ်တွေနဲ့အခြားမော်တော်ယာဉ်တွေ ကွဲပြားစေဖို့၊ လုံခြုံမှုရှိစေဖို့၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေဖို့အတွက် အဝါရောင်ဘေးစတေကာတပ်ဆင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Taxi အင်္ဂါရပ်နဲ့အညီ ဆိုင်းဘုတ် ၊ အချက်ပြမီး ၊ City Taxi ဆိုင်းဘုတ်အသစ်တို့ကို တပ်ဆင်ရမယ်လို့လည်းထုတ်ပြန်ထားပါတယ်။

အဲဒီညွှန်ကြားတွေကိုမလိုက်နာရင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၉၆) အရ စစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမယ်လို့လည်း (YRTC) ကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ City Taxi အစီးရေ (၅၈၀၀၀) ကျော်ရှိပြီး အဲဒီထဲက အစီးရေ (၅၀၀၀၀) ဟာ အဝါရောင် ဘေးစတေကာ တပ်ဆင်ပြီးဖြစ်ပြီး တပ်ဆင်ဖို့ကျန်နေသေးတဲ့ အစီးရေ (၈၀၀၀) ကျော် ကျန်နေသေးတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com