အမေရိကန် ရက်ပ်အဆိုတော် Cam’ron ၏ ပန်းရောင် Range Rover ဖေ့စ်ဘုတ်တွင် ကန်ဒေါ်လာ ၁၆၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ထား

  • 97 views

Cameron Ezike Giles (မွေး- ၁၉၇၆) သည် အမေရိကန် ရက်ပ်အဆိုတော်ဖြစ်ပြီး အနုပညာအမည် Cam’ron ဟုသာ လူသိများသည်။

Cam’ron ၏ အထူးမွမ်းမံထားသော ပန်းရောင် Range Rover HSE မှာ ယခုအခါ ဖေ့စ်ဘုတ်တွင် အရောင်းဈေးကွက်ဝင်နေသည်။

Fake Shore Drive မှ Andrew Barber ၏ ပြောကြားချက်အရ ယခု ဈေးကွက်ဝင်လာသော ၂၀၀၃ ခုနှစ်ထုတ် Range Rover သည် ပန်းရောင်အပြင်ပိုင်းနှင့် စိတ်ကြိုက်မွမ်းမံထားသော အတွင်းပိုင်းသို့ရှိပြီး ရောင်းချသူမှာ အမေရိကန်ပြည် ၊ ဂျော်ဂျီယာပြည်နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တစ်ပတ်ရစ်ကားကို ကန်ဒေါ်လာ ၁၆၀၀၀ ဈေးခေါ်ထားပြီး မိုင်ပေါင်း ၁၀၀၀၀၀ ကျော် မောင်းနှင်ထား သည်။
“ယခုကားသည် အကျော်အမော်တစ်ဦးနှင့် ဆက်နွယ်သည့် သမိုင်းကြောင်းရှိခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့ သော ပန်းရောင်ကားတစ်စီး ဖြစ်သည်”ဟု ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

လက်ရှိပိုင်ရှင်မှာ ဂျော်ဂျီယာပြည်နယ် Alpharetta မြို့မှ လက်မှတ်ရ Range Rover စက်ပြင်ဆရာ Calvin Finney ဖြစ်သည်။

အဆိုပါကားကို အလုံးစုံပြုပြင်ပေးထားရာ ဆီပိုင်း ၊ Filters ၊ ဘရိတ်သစ် ၊ ပလပ်သစ်များ ၊ လေအေးပေးစက် ၊ အင်ဂျင်နှင့် Transmission များ ပြုပြင်ပေးထားပြီး ဆွဲအား ၊ ရုန်းအား ကောင်းမွန်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဤပန်းရောင် Range Rover ကားကို မည်သည့်အကျော်အမော် ပိုင်ဆိုင်ခဲ့ ကြောင်း ဖော်ပြထားခြင်း မရှိသော်လည်း Cam’ron စီးခဲ့သော ကား၏ အချက်အလက်များအတိုင်း ထပ်တူ ဖြစ်သည်။

 

(ဓာတ်ပုံ-Facebook/Via Facebook:Marketplace)

 

Cam’ron က ဤကားကို ဝယ်ယူပြီး ၁ နှစ်အကြာ ၂၀၀၄ ခုနှစ်တွင် ပြန်လည် ရောင်းထုတ်ခဲ့သည်။

Cam’ron က eBay တွင် ကြမ်းခင်းဈေး ကန်ဒေါ်လာ ၁၈၀၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဈေးနှုန်းမှာ ယခုခေါ်ဈေးထက် များစွာ များပြားခဲ့သော ပမာဏဖြစ်သည်။

Cam’ron က ဤကားကို သူ၏ ဂီတဗွီဒီယိုများဖြစ်သော Get Em Girls နှင့် Killa Cam သီချင်းများတွင် ထည့်သွင်း ရိုက်ကူးခဲ့ဖူးသည်။

သို့သော် ထိုသို့ ထည့်သွင်းရိုက်ကူးခဲ့မှုအပေါ် ယခုအခါ စိတ်ပျက်မိကြောင်း Cam’ron က ပြောသည်။

“ကျွန်တော့်ရဲ့ ယာဉ်မောင်းက ဒီကားထဲမှာ တစ်ယောက်ထဲရှိနေချိန်မှာလည်း သူ့ဆီကို အော်တိုလာထိုးခိုင်း ကြတာတွေ ရှိတယ်။ ဒီကားကို ဘယ်သူပဲမောင်းမောင်း ဒီကားထဲမှာ ရှိနေရင် ခင်ဗျားဟာ စတားပဲ။ ကားရဲ့ ယာဉ်မောင်းခုံမှာ ခင်ဗျားရဲ့အဖွားရှိနေရင်လည်း အော်တိုထိုးပေးနေရပါလိမ့်မယ်”ဟု Cam’ron က ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Cam'ron's Iconic Pink Range Rover Is Being Sold for $16,000 on Facebook Marketplace  (complex)