- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်ဆိုခြင်းကို Elon Musk တချိန်က ရယ်သွမ်းသွေးခဲ့သော်လည်း ယခုအခါ BYD က Tesla ကို ဖြတ်ကျော်သွားပြီဖြစ်
BYD က ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်ဆိုခြင်းကို Elon Musk တချိန်က ရယ်သွမ်းသွေးခဲ့သော်လည်း ယခုအခါ BYD က Tesla ကို ဖြတ်ကျော်သွားပြီဖြစ်
- 415 views
Elon Musk သည် ၂၀၁၁ ခုနှစ်အတွင်း Bloomberg သတင်းဌာနမှ တွေ့ဆုံမေးမြန်းခန်းတွင် BYD ၏ ထုတ်ကုန်များအပေါ် ရယ်သွမ်းသွေးခဲ့ဖူးသည်။
“ခင်ဗျား သူတို့ရဲ့ကားကို မြင်ဖူးလား။ ဆွဲဆောင်မှုရှိတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ နည်းပညာကလည်း သိပ်မကောင်းဘူး။ ပြီးတော့ BYD က သူတို့ပြည်တွင်း တရုတ်ပြည်မှာ ကုမ္ပဏီတစ်ခုအနေနဲ့ ရင်ဆိုင်ရတဲ့ ကြီးမားတဲ့ ပြဿနာတွေ ရှိနေတယ်။ ကျွန်တော် ထင်ပါတယ်။ သူတို့ အာရုံစိုက်သင့်တာက တရုတ်ပြည်ထဲမှာ မကျဆုံးအောင် အာရုံစိုက်သင့်ပါတယ်”ဟု Elon Musk က အရွှန်းဖောက်ခဲ့ဖူးသည်။
BYD သည် မကျရှုံးသည့်အပြင် ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်တွင် Tesla ထက် EV ရောင်းအား ပိုမိုများပြားခဲ့ ကာ ကမ္ဘာ့ထိပ်တန်း EV ထုတ်လုပ်သူဟူသော သရဖူကို Tesla ထံမှ လွှဲပြောင်းရယူသွားခဲ့သည်။
ဖုန်းဘက်ထရီများ ထုတ်လုပ်သည့် လုပ်ငန်းဖြင့် စတင်ခဲ့သော BYD သည် မည်သို့မည်ပုံ အင်အားကြီး လျှပ်စစ်ကား ထုတ်လုပ်သူ ဖြစ်လာခဲ့သနည်း။
(BYD ၏ သမိုင်းကြောင်း)
BYD ကို ယနေ့သိနေသည်မှာ လျှပ်စစ်ကားထုတ်လုပ်သူဟု သိကြသည်။
သို့သော် လုပ်ငန်းနယ်ပယ်များစွာ လက်တံဖြန့်ကျက်ထားရာ ဘက်ထရီများမှသည် သတ္တုတူးဖော်ခြင်းနှင့် ဆီမီးကွန်ဒတ်တာများအထိ လုပ်ကိုင်လျက်ရှိသည်။
ယင်းမှာ ကုမ္ပဏီ အောင်မြင်မှု နောက်ကွယ်မှ ကြီးမားသော အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်သူ ဝမ်ချန်းဖူက BYD ကို တရုတ်ပြည်တောင်ပိုင်းရှိ နည်းပညာမြို့တော်ဖြစ်သော ရှန်ကျန်းမြို့တွင် ၁၉၉၅ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည်။
စတင်တည်ထောင်ချိန်က ဝန်ထမ်း ၂၀ ဦးသာ ရှိခဲ့သည်။
အရင်းအနှီး ယွမ်ငွေ ၂ ဒသမ ၅ သန်း (သို့မဟုတ်) ယနေ့ခေတ်ငွေလဲနှုန်းအရဆိုလျှင် ကန်ဒေါ်လာ ၃၅၁၉၉၄ ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် BYD သည် လီသီယံအိုင်းယွန်း ဘက်ထရီများ စတင်ထုတ်လုပ်ခဲ့သည်။
ထိုဘက်ထရီများသည် ယနေ့ခေတ် ကျွန်ုပ်တို့၏ စမတ်ဖုန်းများတွင် အသုံးပြုနေသော ဘက်ထရီများ ဖြစ်သည်။
BYD က ဘက်ထရီ ထုတ်လုပ်မှုသည် မိုဘိုင်းဖုန်းများ ခေတ်စားလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
BYD က ၎င်း၏ ဘက်ထရီများကို ထိုခေတ်က ဖုန်းလောက၏ ဧကရာဇ်များဖြစ်သော Motorola နှင့် Nokia တို့ထံ တင်ပို့ရောင်းချခဲ့သည်။
၂၀၀၃ ခုနှစ်တွင်ကား BYD သည် Xi’ an Qinchuan Automobile ဟုခေါ်သော ကားထုတ်လုပ်ရေး ကုမ္ပဏီငယ်တစ်ခုကို ဝယ်ယူခဲ့သည်။
၂၀၀၈ ခုနှစ်တွင် Warren Buffett ၏ Berkshire Hathaway က BYD တွင် ကန်ဒေါ်လာ သန်း ၂၃၀ ရင်းနှီးမြှုပ်နှံခဲ့၏။
ထိုအရင်းအနှီးက BYD ၏ လျှပ်စစ်ကားအိပ်မက် အကောင်အထည်ဖော်ရန် အင်အားတစ်ခု ဖြစ်လာခဲ့သည်။
ထို့အပြင် တရုတ်အစိုးရကလည်း အကူအညီများ ကြီးမားစွာ ပေးအပ်ခဲ့ရာ လျှပ်စစ်ကား ဝယ်ယူသူများအား ငွေကြေးမက်လုံးများ ပေးခြင်းအပြင် ကားထုတ်လုပ်ရေး နယ်ပယ်အတွက် ၂၀၀၉ ခုနှစ်မှ စတင်ပြီး အကူအညီ များ ပေးအပ်ခဲ့သည်။
BYD သည် ၂၀၁၅ မှ ၂၀၂၀ အကြား အစိုးရထံမှ ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံခန့် အထောက်အပံ့ရရှိခဲ့ ကြောင်း Rhodium Group က ခန့်မှန်းထားသည်။
Elon Musk က ၂၀၁၁ ခုနှစ်အတွင်း Bloomberg သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့မှုအပေါ် ယခုအခါ X လူမှုကွန်ရက်တွင် ပြန်လည် မှတ်ချက်ပြုသည်မှာ “အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စပါ။ အခုအချိန်မှာ သူတို့ရဲ့ ကားတွေဟာ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားနေပါပြီ”ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Musk once laughed off BYD as a threat. Now the Chinese giant has taken Tesla’s EV crown — here’s how (CNBC)