စက်သုံးဆီဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး 92 Ron တစ်လီတာကို ငွေကျပ် (၂၅၃၅) ကျပ် ရည်ညွှန်းသတ်မှတ်

  • 94 views

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ (၂၀၂၄) ခုနှစ်နှစ်အစပိုင်းမှာ ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာပြီး 92 Ron တစ်လီတာကို (၂၅၆၀) ကနေ (၂၅၃၅) ကျပ်အထိကျသွားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။ 

ပြီးခဲ့တဲ့ (၂၀၂၃) နိုဝင်ဘာလက စတင်ပြီး မတည်မငြိမ်ဖြစ်ခဲ့တဲ့ စက်သုံးဆီအခြေအနေဟာ အခုနှစ်အစပိုင်းမှာ ဈေးအနည်းငယ် ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးတွေဟာ စင်ကာပူနိုင်ငံရဲ့ စက်သုံးဆီဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျ ပြောင်းလဲနေတာဖြစ်ပါတယ်။ စက်သုံးဆီဝယ်လိုအား မြင့်တက်မှုကြောင့် ပြည်တွင်းမှာဆီ ပြတ်လပ်တဲ့အထိ ဖြစ်ပေါ်ခဲ့လို့ စက်သုံးဆီ တရားမဝင်ရောင်းချနေသူတွေကို အရေးယူမှုတွေလည်းပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီတင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေကိုလည်း မြန်မာနိုင်ငံဗဟိုဘဏ်က အမေရိကန်ဒေါ်လာသန်းနဲ့ချီ ထုတ်ရောင်းထားပါတယ်။ လက်ရှိမှာတော့ 92 Ron တစ်လီတာကို ငွေကျပ်(၂၅၃၅)၊ 95 Ron တစ်လီတာကို ငွေကျပ်(၂၆၃၅)၊ ဒီဇယ်တစ်လီတာကို ငွေကျပ်(၂၃၂၀)၊ ပရီမီယံဒီဇယ်တစ်လီတာကို ငွေကျပ်(၂၄၀၅) ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com