စပိန်ဘုရင် စီးနင်းခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ မော်တော်ကား လေလံတင်ရောင်းချမည်

  • 97 views

တချိန်က ဘုရင်တစ်ပါး ပိုင်ဆိုင်ခဲ့ဖူးသော နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ Vintage ကားတစ်စင်း လေလံတင်ရောင်းချရန် စီစဉ်နေသည်။

၁၉၁၉ ခုနှစ်ထုတ် Suiza H6 စပိန်မော်တော်ကားတစ်စင်းကို မွမ်းမံမှုများ ပြန်လည်ပြုလုပ်ပြီးနောက် လေလံတင်ရောင်းချရန် စီစဉ်နေသည်။

ဝယ်ယူလိုသူများအနေဖြင့် ပေါင် ၄၃၅၀၀၀ ခန့် သုံးစွဲရဖွယ် ရှိသည်။

 

 

(၁၉၁၉ ခုနှစ်ထုတ် Suiza H6 စပိန် Vintage ကားကို ပဲရစ်မြို့တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

 

 

(လေလံပွဲတွင် ပေါင် ၄၃၅၀၀၀ နှင့်အထက် ရရှိဖွယ်ရှိကြောင်း RM Sotheby’s လေလံကုမ္ပဏီက ခန့်မှန်းထား သည်။ ဓာတ်ပုံ-Jam Press)

 

 

ဤမော်တော်ကားကို RM Sotheby’s လေလံကုမ္ပဏီက ဇန်နဝါရီလ ၃၁ ရက်တွင် ပဲရစ်မြို့၌ ကျင်းပမည့် လေလံပွဲတွင် ထည့်သွင်းရောင်းချသွားမည် ဖြစ်သည်။

အဆိုပါ မော်တော်ကားကို စပိန်ဘုရင် Alfonso XIII က စီးနင်းခဲ့သည်။

(မှတ်ချက်။ Alfonso XIII သည် စပိန်နိုင်ငံကို မွေးဖွားချိန် ၁၈၈၆ ခုနှစ် ၊ မေလ ၁၇ ရက်မှ ၁၉၃၁ ခုနှစ် ၊ ဧပြီလ ၁၄ ရက်အထိ အုပ်စိုးသွားခဲ့သည်။၎င်း၏ ခမည်းတော် စပိန်ဘုရင် Alfonso XII မှာ ၎င်းမမွေးမီ ကွယ်လွန်သွားသဖြင့် Alfonso XIII မှာ မွေးကတည်းက ဘုရင်ဖြစ်လာသူ ဖြစ်သည်။သို့သော် မယ်တော်ဖြစ်သူက သားဖြစ်သူ ၁၆ နှစ်မပြည့်မီအထိ ရင်ခွင်ပိုက်အုပ်စိုးသူအဖြစ် တာဝန်ယူခဲ့ပြီး ၁၆ နှစ်ပြည့်ချိန် ၁၉၀၂ ခုနှစ်တွင် ထီးနန်းအာဏာလွှဲပြောင်းပေးခဲ့သည်။)

Sotheby’s ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ H6 ကို ပြင်သစ်နိုင်ငံတွင် ထုတ်လုပ်ခဲ့ပြီး စပိန်ဘုရင်ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ H6 များအနက် ပထမဆုံးထုတ်လုပ်ခဲ့သော ကားဖြစ်သည်။

Convertible အမျိုးအစားဖြစ်ပြီး ၈၅ mph ကျော် မောင်းနှင်နိုင်သည်။

ကားတစ်စင်းလုံး အလုံးစုံ ပြန်လည်မွမ်းမံထားပြီး အစိမ်းနှင့်အနက်ရောင်များ ပြန်လည်ဆေးသုတ်ထားသည်။

ဝယ်ယူမည့် ပိုင်ရှင်အနေဖြင့် ပြင်သစ်ပန်းချီကျော် Geo Ham ပန်းချီရေးဆွဲထားသော ယခုကား၏ ရှေးယခင်ကာလ တော်ဝင်ဘုရင့်တာဝန်များ ထမ်းဆောင်ခဲ့စဉ်အခါက ပန်းချီကားကိုလည်း ရရှိမည် ဖြစ်သည်။

ဘုရင် Alfonso XIII သည် ဤကားကို ၁၂ နှစ်ကြာ ပိုင်ဆိုင်ခဲ့ရာ ၁၉၃၁ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။

ယင်းနောက် စာရေးဆရာ၊ သတင်းစာသမား ၊ Patricio Chadwick က နှစ်အတန်ကြာ ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းတွင် လက်ရှိပိုင်ရှင်တို့က ၁၉၉၀ ပြည့်လွန်ကာလများတွင် ရရှိ ပိုင်ဆိုင်ခဲ့သည်။

ဘုရင် Alfonso XIII သည် ဝိတိုရိယဘုရင်မကြီးနှင့် အဲလ်ဘတ်မင်းသားတို့၏ မြေးတော် Victoria Eugenia de Battenberg မင်းသမီးနှင့် လက်ထပ်ခဲ့စဉ်ကာလအတွင်း ဤကားကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

 

 

(တချိန်က စပိန်ဘုရင် Alfonso XIII ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Jam Press)

 

 

(သက်တမ်းနှစ်ရာချီနေပြီ ဖြစ်သော်လည်း ၈၅ mph ကျော် မောင်းနှင်နိုင်ဆဲ ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Luxury motor that’s over 100 years old & once owned by royalty up for auction – it can even hit 85mph (thesun)