- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD ၏ ပထမဆုံး ဆိုဒီယမ် အိုင်းယွန်း ဘက်ထရီစက်ရုံ စတင်ဆောက်လုပ်ပြီ
BYD ၏ ပထမဆုံး ဆိုဒီယမ် အိုင်းယွန်း ဘက်ထရီစက်ရုံ စတင်ဆောက်လုပ်ပြီ
- 217 views
တရုတ်ထိပ်သီး လျှပ်စစ်ကား ကုမ္ပဏီကြီး BYD သည် တရုတ်ပြည်အရှေ့ပိုင်း ကျန်းဆုပြည်နယ်၊ ရှုကျိုးမြို့ (Xuzhou) တွင် ဆိုဒီယမ် အိုင်းယွန်း ဘက်ထရီစက်ရုံ ဆောက်လုပ်မှု စတင်လိုက်ပြီ ဖြစ်သည်။
စွမ်းအင်သစ်ယာဉ် (NEV) များ ထုတ်လုပ်သော BYD အတွက် ပထမဆုံး ဆိုဒီယမ်အိုင်းယွန်း စက်ရုံလည်း ဖြစ်သည်။
ရှုကျိုးမြို့အုပ်ချုပ်ရေးအဖွဲ့က အဆိုပါစီမံကိန်းအကြောင်း WeChat တွင် ဇန်နဝါရီလ ၅ ရက်က ကြေညာခဲ့ရာ တွင် ဆိုဒီယမ်အိုင်းယွန်း ဘက်ထရီစက်ရုံ အုတ်မြစ်ချပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်တွင် ကျင်းပခဲ့ကြောင်း ကြေညာသည်။
စီမံကိန်းတည်နေရာမှာ ရှုကျိုးမြို့ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်တွင် တည်ရှိသည်။
အဆိုပါစီမံကိန်းအတွက် ယွမ်ငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
အဓိကအားဖြင့် ဆိုဒီယမ်အိုင်းယွန်း ဘက်ထရီဆဲလ်များနှင့် ဘက်ထရီများ ထုတ်လုပ်သွားမည်ဖြစ်ကာ နှစ်စဉ် ဘက်ထရီစွမ်းအင် ၃၀ GWh ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်က Huaihai Holding Group က ထုတ်ပြန်ခဲ့သည်မှာ BYD ၏ ဘက်ထရီ ထုတ်လုပ်ရေး ကုမ္ပဏီခွဲဖြစ်သော Findreams နှင့် မဟာဗျူဟာမြောက်ပူးပေါင်းမှု သဘောတူညီချက်ကို BYD ၏ ရှန်ကျန်းမြို့ ရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီနှစ်ခု ပူးပေါင်းကာ ရှုကျိုးမြို့တွင် ဆိုဒီယမ်အိုင်းယွန်း ဘက်ထရီထုတ်လုပ်ရေး အခြေစိုက်နေရာ ဆောက်လုပ်ရေးအတွက် ဖက်စပ်ကုမ္ပဏီ တည်ထောင်ရန်နှင့် Microcar များအတွက် ကမ္ဘာ့အကြီးမားဆုံး ဆိုဒီယမ်အိုင်းယွန်းဘက်ထရီ ထုတ်လုပ်ဖြန့်ချိသူဖြစ်လာရန် ရည်မှန်းကြောင်း Huaihai က ဇွန်လအတွင်း မီဒီယာ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Huaihai ကုမ္ပဏီကို ၁၉၇၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။
ကုမ္ပဏီ၏ လုပ်ငန်းများမှာ မော်တော်ယာဉ်ငယ်များ၊ လျှပ်စစ်ကားများ၊ ကားပစ္စည်းအစိတ်အပိုင်းများနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုတို့ ဖြစ်သည်။
Huaihai နှင့် FinDreams တို့သည် ရှုကျိုးတွင် ဗဟိုချက်အဖြစ် အခြေစိုက်ကာ တရုတ်ပြည်တွင်းနှင့် ကမ္ဘာတဝန်းတွင် အသေးစားယာဉ်ငယ်တို့အတွက် ဘက်ထရီဝယ်လိုအားကို လေ့လာသွားမည်ဖြစ်ကြောင်း Huaihai က ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ရာတွင် BYD ၏ ဆိုဒီယမ်အိုင်းယွန်း ဘက်ထရီများကို ၂၀၂၃ ခုနှစ်တွင် အလုံးအရင်း ထုတ်လုပ်ဖွယ်ရှိကြောင်း၊ အဆိုပါ ဘက်ထရီများကို ပထမဆုံး စတင်အသုံးပြုမည်မှာ BYD ၏ Seagull မော်ဒယ်များတွင် ဖြစ်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
သို့သော် အဆိုပါကောလာဟလများကို အတည်ပြုနိုင်ခြင်း မရှိချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD's 1st sodium-ion battery facility begins construction (cnevpost)