- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota ပိုင် Daihatsu က ဂျပန်ရှိ စက်ရုံ ၄ ခုလုံး ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည်
Toyota ပိုင် Daihatsu က ဂျပန်ရှိ စက်ရုံ ၄ ခုလုံး ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည်
- 897 views
Toyota က ပိုင်ဆိုင်သော ဂျပန်ကားကုမ္ပဏီ Daihatsu သည် ဂျပန်ပြည်တွင်း ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Daihatsu သည် ၎င်း၏ကားများ ဘေးကင်းလုံခြုံမှုစမ်းသပ်ချက် ရလဒ်များကို နှစ်ပေါင်း ၃၀ ကျော် လိမ်လည် ထားခဲ့ကြောင်း ဝန်ခံလိုက်ပြီးနောက်ပိုင်း ဂျပန်ရှိ စက်ရုံအားလုံးကို ပိတ်သိမ်းခြင်းလည်း ဖြစ်သည်။
Daihatsu သည် ကားငယ်များ ထုတ်လုပ်မှုဖြင့် လူသိများပြီး အင်္ဂါနေ့တွင် ဂျပန်ရှိ စက်ရုံ ၄ ခုလုံး၏ ကားထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရာ အိုဆာကာမြို့ ရုံးချုပ်ရှိစက်ရုံလည်း ပါဝင်ကြောင်း Daihatsu ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က CNN သို့ ပြောသည်။
ထိုကဲ့သို့ စက်ရုံပိတ်သိမ်းမှုကြောင့် ပြည်တွင်းစက်ရုံများတွင် လုပ်ကိုင်နေသော ဝန်ထမ်းပေါင်း ၉၀၀၀ ခန့် ထိခိုက်စေမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
ယခုဖြစ်ရပ်မှာ ကုမ္ပဏီ၏ အုတ်မြစ်ကို ကိုင်လှုပ်ခဲ့ခြင်းဖြစ်ကြောင်း Toyota က ပြောသည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း Daihatsu က ကြေညာခဲ့ရာတွင် လွတ်လပ်သော Third-Party ကုမ္ပဏီတစ်ခုက စစ်ဆေးရာ၌ ဘေးကင်းလုံခြုံမှု စမ်းသပ်ချက်များအပေါ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည့် အထောက်အထားများ တွေ့ရှိခဲ့ရကြောင်း ကြေညာသည်။
ကားမော်ဒယ်ပေါင်း ၆၄ ခုအထိ ပါဝင်ပြီး Toyota အမှတ်တံဆိပ်အောက်တွင် ရောင်းချခဲ့သော မော်ဒယ်များ လည်း ပါဝင်သည်ဟု ဆိုသည်။
Daihatsu က ပြည်တွင်းနှင့် နိုင်ငံတကာ ကားဖြန့်ချိမှုများ အားလုံးကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး မည်သို့ ရှေ့ဆက်ရမည်ကို အာဏာပိုင်များနှင့် တိုင်ပင်သွားမည်ဖြစ်ကြောင်း ပြောသည်။
မေလအတွင်းကလည်း Hybrid လျှပ်စစ်ကား ၂ မျိုး၏ Collision Test စမ်းသပ်ချက်အတွက် မမှန်ကန်သော အချက်အလက်များ ဖြည့်သွင်းတင်ပြခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
Daihatsu ကပြောသည်မှာ ထိုအချိန်က အဆိုပါ မော်ဒယ်များကို ဖြန့်ဖြူးရောင်းချခြင်း ရပ်ဆိုင်းခဲ့ကြောင်း ပြောသည်။
နောက်ဆုံး ဖော်ထုတ်တွေ့ရှိချက်များမှာ ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်းအပေါ် ပိုမိုခြိမ်းခြောက်မှုများ ဖြစ်လာသည်။
စုံစမ်းစစ်ဆေးရေး ကော်မတီမှ ထုတ်ပြန်ချက်အရ Daihatsu က အချက်အလက်လိမ်လည်ထားသော ဖြစ်ရပ်ပေါင်း ၁၇၄ ခု ထပ်မံတွေ့ရှိခဲ့ကြောင်း ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည်။
Daihatsu သည် မှားယွင်းသော ဖော်ပြချက်များ (သို့မဟုတ်) ၎င်း၏ ယာဉ်များကို ဘေးကင်းလုံခြုံမှု စမ်းသပ်ချက် လက်မှတ်ရရှိစေရန် ပြန်လည်မွမ်းမံထားခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota-owned automaker halts Japan production after admitting it tampered with safety tests for 30 years (cnn)