- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က ထုတ်လုပ်တော့မည့် လျှပ်စစ်ပြိုင်ကား YangWang U9 ၏ Specification များ ထုတ်ပြန်လာရာ မြင်းကောင်ရေ ၁၂၈၇ ရှိမည်ဖြစ်
BYD က ထုတ်လုပ်တော့မည့် လျှပ်စစ်ပြိုင်ကား YangWang U9 ၏ Specification များ ထုတ်ပြန်လာရာ မြင်းကောင်ရေ ၁၂၈၇ ရှိမည်ဖြစ်
- 282 views
BYD က ထုတ်လုပ်ရန် အသင့်ဖြစ်နေသော YangWang U9 နှင့်ပတ်သက်သည့် Specification များကို ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ယခုအခါ ထုတ်ပြန်လိုက်ပြီဖြစ်ရာ မူလက အများမျှော်မှန်းထား သည်ထက် ပိုမို၍ပင် စွမ်းအားကောင်းနေသည်ကို တွေ့ရသည်။
အဆိုပါ နမူနာကားကို ကားပြိုင်ပွဲတစ်ခုတွင် ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်ခဲ့သည့် ဗွီဒီယိုဖိုင်ကို မကြာသေးမီက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
YangWang U9 မှာ အလျား ၄၉၆၆ မီလီမီတာ (၁၉၅ ဒသမ ၅ လက်မ)၊ ဗျက် ၂၀၂၉ မီလီမီတာ (၇၉ ဒသမ ၈ လက်မ)နှင့် အမြင့် ၁၂၉၅ မီလီမီတာ (၅၀ ဒသမ ၉ လက်မ) ရှိသည်။
YangWang U9 ၏ Wheelbase မှာ ၂၉၀၀ မီလီမီတာ (၁၁၄ ဒသမ ၁ လက်မ) ရှိရာ ဝင်ရိုး ၂ ခုအကြား ၁၀၀ kWh ရှိ ကြီးမားသော ဘက်ထရီ ထားနိုင်သည့် အကျယ်အဝန်း ရှိသည်။
ထို ဘက်ထရီကို BYD ၏ ကုမ္ပဏီခွဲဖြစ်သော FinDreams က ထုတ်လုပ်သည်။
မြင်းကောင်ရေ ၃၂၂ ထွက်သော လျှပ်စစ်မော်တာ ၄ လုံး တပ်ဆင်ထားရာ စုစုပေါင်း ၁၂၈၇ hp အား ရရှိမည် ဖြစ်သည်။
ယခင်က YangWang U9 ကို ၁၁၀၀ hp ထွက်မည်ဟု မျှော်မှန်းထားရာ ထိုပမာဏထက် ကျော်လွန်နေခြင်း လည်း ဖြစ်သည်။
ဤကားအတွက် ၁၂၈၇ hp မလိုအပ်ဟု ပြောနိုင်ဖွယ်ရှိသော်လည်း ကားအလေးချိန် ၂၄၇၅ ကီလိုဂရမ် (၅၄၅၆ ပေါင်) ရှိရာ အင်ဂျင်သုံး ပြိုင်ကားတစ်စင်းထက် ပိုမိုလေးလံနေသောကြောင့် ဖြစ်သည်။
BYD ၏ ထုတ်ပြန်ချက်အရ ၁၀၀ kmph (၆၂ mph) ကို ၂ စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ ၃၀၀ kmph (၁၈၆ mph) ရှိသည်ဟု ဆိုသည်။
တရုတ်ပြည်တွင် စမ်းသပ်ထားမှုများအရ အားတစ်ခါသွင်းထားလျှင် ကီလိုမီတာ ၇၀၀ (၄၃၅ မိုင်) ကျော် မောင်းနှင်နိုင်သည်ဟု ဆိုသည်။
YangWang U9 တွင် BYD က Disus-X system ဟု အမည်ပေးထားသော Special Suspension system အပြင် အခြားသော အဆင့်မြင့် နည်းပညာများစွာ ထည့်သွင်းထားသည်။
ထိုသို့ YangWang U9 တွင် အဆင့်မြင့်နည်းပညာများ ထည့်သွင်းထားသော်လည်း BYD ထုတ် အခြားကားများ ကဲ့သို့ပင် တန်ဖိုးသင့် ဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။
YangWang U9 ကို ယွမ်ငွေ ၁ သန်း (ကန်ဒေါ်လာ ၁၄၀၀၀၀) ဝန်းကျင် သတ်မှတ်ထားရာ ပြိုင်ကားတို့၏ စံနှုန်းဖြင့်ဆိုလျှင် တန်ဖိုးသင့် ဈေးနှုန်းဟု ဆိုနိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD’s All-Electric Supercar To Offer An Incredible 1,287 HP But Weighs Almost 2.5 Tonnes (carscoops)