- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ EV ကုမ္ပဏီ Nio တွင် အာရပ်စော်ဘွားများပြည်ထောင်စုက ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံ
တရုတ်ပြည်မှ EV ကုမ္ပဏီ Nio တွင် အာရပ်စော်ဘွားများပြည်ထောင်စုက ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံ
- 112 views
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့အခြေစိုက် လျှပ်စစ်ကားထုတ်လုပ်သောကုမ္ပဏီကြီး Nio Inc. ထံတွင် အာရပ်စော်ဘွား များပြည်ထောင်စု အစိုးရရန်ပုံငွေ CYVN Holdings LLC က ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်လာသည်။
CYVN သည် Nio ထံတွင် ရင်းနှီးမြှုပ်နှံသော ရှယ်ယာပမာဏကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်လာခြင်းလည်း ဖြစ်သည်။
Nio သည် CYVN နှင့် ရှယ်ယာထည့်ဝင်မှု သဘောတူညီချက်ရရှိခဲ့ရာ Nio က အသစ်ထုတ်ကာ ရောင်းချသော A အဆင့်ရှယ်ယာများကို ရှယ်ယာတစ်စုလျှင် ၇ ဒသမ ၅၀ ဒေါ်လာဖြင့် ရှယ်ယာပေါင်း ၂၉၄ သန်းကို ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။
CYVN ၏ ကုမ္ပဏီတစ်ခုဖြစ်သော CYVN Investments RSC Ltd မှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဇူလိုင်လအတွင်းက Nio ထံတွင် CYVN က ကန်ဒေါ်လာ ၇၃၈ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။
ထို့အပြင် CYVN သည် Nio ၏ A အဆင့် ရှယ်ယာများကို Tencent ၏ ကုမ္ပဏီခွဲတစ်ခုထံမှ ဝယ်ယူခဲ့သေးရာ ထိုအချိန်က တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၃၅၀ ဖိုးခန့် ရှိသည်။
ဇူလိုင်လ ဝယ်ယူမှုများ အပြီးတွင် CYVN သည် Nio ၏ ရှယ်ယာ ၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားခဲ့သည်။
ဒီဇင်ဘာလ ရှယ်ယာဝယ်ယူ ရင်းနှီးမြှုပ်နှံမှုများအပြီးတွင်မူ CYVN သည် Nio ၏ ရှယ်ယာအားလုံး၏ ၂၀ ဒသမ ၁ ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်လာကြောင်း Nio ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုနောက်ဆုံး ရင်းနှီးမြှုပ်နှံမှုများအပြီးတွင် CYVN သည် Nio ၏ ဘုတ်အဖွဲ့တွင် ဒါရိုက်တာ ၂ ဦး ခန့်ထားခွင့် ရရှိလာမည် ဖြစ်သည်။
Nio ၏ ရှယ်ယာ ၁၅ ရာနှုန်းအောက် မနည်းဘဲ ပိုင်ဆိုင်ထားသမျှ ကာလပတ်လုံး ထိုအခွင့်အရေး ရရှိမည်လည်း ဖြစ်သည်။
ဒီဇင်ဘာလ ရင်းနှီးမြှုပ်နှံမှုများအပြီးတွင် Nio နှင့် CYVN တို့အပြင် ၎င်းတို့၏ လက်အောက်ခံ ကုမ္ပဏီများသည် နိုင်ငံတကာ ဈေးကွက်များတွင် မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အတူတကွ ဆက်လက်လုပ်ဆောင်ကြမည် ဖြစ်သည်။
“စဉ်ဆက်မပြတ် ဖွံ့ဖြိုးမယ့် အနာဂတ်ဆီကို တကမ္ဘာလုံး ကူးပြောင်းမှု အရှိန်မြှင့်တင်ရေးဆိုတဲ့ CYVN ရဲ့ မျှော်မှန်းချက်က ကျွန်တော်တို့ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။
Nio ရဲ့ တမူထူးကဲတဲ့ တန်ဖိုးတွေအပေါ် ထောက်ခံအားပေးမှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”ဟု Nio ၏ တည်ထောင်သူ၊ ဥက္ကဌ၊ စီအီးအိုဖြစ်သူ William Li က ပြောသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Nio secures new $2.2 billion investment from Abu Dhabi's CYVN (cnevpost)